ပါကစ္စတန်သည် ၂၀၂၄ ခုနှစ်အတွက် ဥရောပသမဂ္ဂ (အီးယူ) ၏ GSP+ ကုန်သွယ်ရေးဆိုင်ရာ အကောက်ခွန်အထူးခံစားခွင့်များ အစီအစဉ်သစ်ကို သက်တမ်းတိုးနိုင်ရန် သေဒဏ်ဖျက်သိမ်းခြင်း အပါအဝင် အီးယူက ချမှတ်သည့် “ပြင်းထန်သော သတ်မှတ်ချက်များ” ကို နိုင်ငံ၏ ဥပဒေရေးရာနှင့် နိုင်ငံရေးရာဆိုင်ရာ ရှုပ်ထွေးမှုများကြောင့် အတည်ပြု လက်မှတ်ထိုးရန် ငြင်းဆိုလိုက်သည်။
ပါကစ္စတန်အစိုးရသည် သဘောတူညီချက် အသစ်များ အတည်ပြုလက်မှတ်ထိုးခြင်းနှင့် စပ်လျဉ်းပြီး သက်ညှာလျှော့ပေါ့ခွင့်အချို့ ရရှိရေး ကြိုးပမ်းရန် အီးယူနှင့် ထိတွေ့ဆက်ဆံမှုကို မြန်ဆန်သွက်လက်စေရေး လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။
ခိုင်မာစွာ ထူထောင်ထားသည့် ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ အစီအစဉ်တစ်ခု ဖြစ်သည့် GSP ကို ၁၉၇၁ ခုနှစ်ကတည်းက စတင်ရှိနေခဲ့ခြင်း ဖြစ်သည်။ ပါကစ္စတန်သည် ပြီးခဲ့သည့် ခုနစ်နှစ်တာအတွင်း GSP+ အစီအစဉ်၏ အဓိက အကျိုးခံစားခွင့်ရသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
အဆိုပါ GSP+ အဆင့်အတန်း အောက်တွင် ထုတ်ကုန်တစ်ချို့အတွက် အခွန်ကင်းလွတ်ခွင့် ခံစားခွင့်ရှိပြီး ပါကစ္စတန်အတွက် လက်ရှိအစီအစဉ်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်းကုန်မည် ဖြစ်သည်။
လက်ရှိ GSP+ စနစ်အောက်တွင် အီးယူသည် နိုင်ငံတကာ သဘောတူညီချက် ၂၇ ခု အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်ပြီး အကျိုးခံစားခွင့်ရရှိနေသည့် နိုင်ငံများ လုပ်ဆောင်ထားသော တိုးတက်မှုများကို ဆက်လက် စောင့်ကြည့်သည်။