အမေရိကန်က အီရန်အရေးယူပိတ်ဆို့မှု၌ ဟောင်ကောင်နှင့် ယူအေအီးကုမ္ပဏီများကို ပစ်မှတ်ထား

အမေရိကန်က အီရန်အရေးယူပိတ်ဆို့မှု၌ ဟောင်ကောင်နှင့် ယူအေအီးကုမ္ပဏီများကို ပစ်မှတ်ထား

အမေရိကန်သည် ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားသဘောတူညီချက်ကို ပြင်ဆင်ရန် ကြိုးစားနေစဉ် ဟောင်ကောင်၊ ယူအေအီးနှင့် တခြားကုမ္ပဏီအများအား အီရန်ရေနံနှင့်ရေနံထွက်ပစ္စည်းများကို အရှေ့အာရှသို့ ပို့ဆောင်ရောင်းချရာတွင် ကူညီသည်ဟု စွပ်စွဲကာ ဇူလိုင် ၆ ရက်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ကာ အီရန်အား ဖိအားပေးလိုက်သည်။

လုပ်ငန်းရှင်များနှင့်အဖွဲ့အစည်းကွန်ရက်သည် အီရန်ကုမ္ပဏီများမှ အရှေ့အာရှသို့ ဒေါ်လာသန်းရာနှင့်ချီ တန်ဖိုးရှိသော ကုန်ပစ္စည်းများ ပေးပို့ခြင်းနှင့် ရောင်းချခြင်းတို့ကို လွယ်ကူချောမွေ့မွေ့စေရန် ပင်လယ်ကွေ့ အခြေစိုက် ရှေ့တန်းကုမ္ပဏီများ၏ ကွန်ရက်ကို အသုံးပြုခဲ့သည်ဟု  အမေရိကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

“ပူးတွဲဘက်စုံလုပ်ဆောင်မှုအစီအစဉ်နဲ့ အပြန်အလှန် လေးစားလိုက်နာကြဖို့ အီရန်နဲ့ သဘောတူညီချက်ကို ရရှိရေး အမေရိကန်က ကတိပြုထားပေမယ့် အီရန်ရေနံနဲ့ ရေနံဓာတုပစ္စည်းရောင်းချမှုအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ဆက်လက်အသုံးပြုသွားမှာပါ” ဟု အကြမ်းဖက်ဝါဒနှင့် ငွေကြေးထောက်လှမ်းမှုဆိုင်ရာ ဘဏ္ဍာရေးဌာန ဒုဝန်ကြီး ဘရိုင်ယန်နယ်လ်ဆင်က ပြောကြားခဲ့သည်။

ဇူလိုင် ၆ ရက်က ချမှတ်လိုက်သည့် ဒဏ်ခတ်ပိတ်ဆို့မှု၌ အရှေ့အာရှရှိ ကုမ္ပဏီများသို့ ရေနံဓာတုပစ္စည်းများ တင်ပို့နေသည်ဟု စွပ်စွဲခံရသည့် အီရန်အခြေစိုက် Jam Petrochemical ကုမ္ပဏီလည်းပါဝင်ပြီး အများစုမှာ တရုတ်သို့ တင်ပို့ရန် အမေရိကန်မှ ဒဏ်ခတ်ပိတ်ဆို့ထားသော Iran Petrochemical Commercial Co သို့ တင်ပို့ရောင်းချခြင်း ဖြစ်သည်။ 

ဒဏ်ခတ်ပိတ်ဆို့ခံရသူများတွင် Edgar Commercial Solutions FZE ကုမ္ပဏီလည်းပါဝင်ပြီး ၎င်းသည် ဒဏ်ခတ်ပိတ်ဆို့ခံထားရသော အီရန်ကုမ္ပဏီများမှ ရေနံဓာတုပစ္စည်းများကို ဝယ်ယူတင်ပို့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက စွပ်စွဲထားသည်။

ကုမ္ပဏီသည် ရေနံဓာတုပစ္စည်း အများအပြားဝယ်ယူရာတွင် ၎င်း၏အခန်းကဏ္ဍကို ဖုံးကွယ်ရန် ဇူလိုင် ၆ ရက်က ဒဏ်ခတ်ပိတ်ဆို့လိုက်သော ဟောင်ကောင်အခြေစိုက် ရှေ့တန်းကုမ္ပဏီ Lustro Industry Limited ကို အသုံးပြုခဲ့သည်ဟု အမေရိကန်က ဆိုသည်။

အမေရိကန်က အရေးယူပိတ်ဆို့ထားသော Triliance Petrochemical Co Limited ကုမ္ပဏီ၏ ရှေ့တန်းကုမ္ပဏီတစ်ခုဖြစ်သော Ali Almutawa Petroleum and Petrochemical Trading LLC သည် ယူအေအီးအခြေစိုက် ပိတ်ဆို့မှုဒဏ်ခံရသည့် ကုမ္ပဏီများတွင် အပါအဝင်ဖြစ်သည်။

အရေးယူပိတ်ဆို့ဒဏ်ခတ်ခံရမည့် ကုမ္ပဏီများ၏ အမေရိကန်ရှိ ပိုင်ဆိုင်မှုမှန်သမျှကို ထိန်းချုပ်ထားမည်ဖြစ်ကာ အမေရိကန်များကို ၎င်းတို့နှင့် ဆက်ဆံခြင်းမပြုရန် ယေဘုယျအားဖြင့် တားမြစ်ထားသည်။ ပစ်မှတ်ထားခံရသောလူများ၊အဖွဲ့အစည်းများနှင့် လုပ်ငန်းလုပ်ကိုင်သူများမှာလည်း ပိတ်ဆို့အရေးယူမှုများ ခံရနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required