ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းနှင့် ချိတ်ဆက်ထားသော အခြေခံအဆောက်အအုံစီမံကိန်းများကို အရှိန်မြှင့်ရန် တရုတ်နှင့် မြန်မာ သဘောတူ

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းနှင့် ချိတ်ဆက်ထားသော အခြေခံအဆောက်အအုံစီမံကိန်းများကို အရှိန်မြှင့်ရန် တရုတ်နှင့် မြန်မာ သဘောတူ

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး မူဘောင် ဆွေးနွေးပွဲ၏ ဆက်စပ်အစည်းအဝေးတွင် ခါးပတ်လမ်း ရပ် ဝန်းစီမံကိန်း(BRI) နှင့် ဆက်စပ်နေသောအခြေခံအဆောက်အအုံစီမံကိန်းများကို အရှိန်မြှင့်လုပ်ဆောင်ရန် တရုတ်နှင့် မြန်မာတို့အကြား သဘောတူခဲ့ကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံခြားရေးဝန်ကြီးဝဏ္ဏမောင်လွင်နှင့် ဇွန် ၃ရက်တွင် သီးခြားတွေ့ဆုံခဲ့သည်။

တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းနှင့် ချိတ်ဆက်ထားသော အခြေခံအဆောက်အအုံစီမံကိန်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြသည်ဟု Nikkei Asia က ဖော်ပြခဲ့သည်။

သို့သော် စစ်တပ်နှင့် လက်နက်ကိုင်တော်လှန်ရေးများကြား ပဋိပက္ခသည် တရုတ်ရင်းနှီးမြှုပ်နှံမှု အစီအစဉ် များအတွက် အဟန့်အတား ဖြစ်စေပြီး ကြီးကြီးမားမား စီမံကိန်းများ မလုပ်ဆောင်ရန် တရုတ်ကို ဟန့်တား ထားသည်။

ဇွန် ၃ရက် ၎င်းတို့ ၂ ဦးတွေ့ဆုံမှုတွင် အကြီးစားအခြေခံအဆောက်အအုံများအကြောင်း အနည်းငယ်သာဖော်ပြ ထားသည်။

ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်နေသော်လည်း လုံခြုံရေးပတ်ဝန်းကျင် ဆိုးရွားခြင်းနှင့် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ ပေါ်ပေါက်လာခြင်းကြောင့် တရုတ်က သတိထားနေရကြောင်း မြန်မာမဟာဗျူဟာနှင့် မူဝါဒဆိုင်ရာ အင်စတီကျူမှ နန်းလွင်က ပြောကြားသည်။

တရုတ်အစိုးရ လက်အောက်ခံ ဝမ်ပေါင် သတ္ထုတူးဖော်ရေး လက်အောက်ခံလုပ်ငန်းခွဲမှ ဆောင်ရွက်နေသည့် စစ်ကိုင်းဒေသ လက်ပံတောင်း ကြေးနီစီမံကိန်းတွင် လုံခြုံရေးယူထားသည့်  မြန်မာစစ်တပ်များကို လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များက အကြိမ်ကြိမ် တိုက်ခိုက်ကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။

အလုပ်သမားများ၏ လုံခြုံရေးကို ခြိမ်းခြောက်သည့် တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း ဝမ်ပေါင်ကုမ္ပဏီက ဇွန်လက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly