သီရိလင်္ကာသမ္မတ ရာထူးမှ ဆင်းသွားသည့်အထိ အိမ်တော်ရာမှ ထွက်ခွာမည်မဟုတ်ဟု ဆန္ဒပြသူများ ပြော 

သီရိလင်္ကာသမ္မတ ရာထူးမှ ဆင်းသွားသည့်အထိ အိမ်တော်ရာမှ ထွက်ခွာမည်မဟုတ်ဟု ဆန္ဒပြသူများ ပြော 

ဇူလိုင် ၁၁

သီရိလင်္ကာတွင် ဆန္ဒပြသူများက နေအိမ်အား စီးနင်းခြင်းကြောင့် ရေတပ်ဖြင့် ထွက်ပြေးခဲ့ရသော သမ္မတ ဂိုတာဘာယာ ရာဂျာပတ်စာသည် ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်မည်ဟု ကြေညာလာသည့်တိုင်အောင် နောက်တစ်ရက်၌ ဆန္ဒပြသူများက စီးနင်းထားသော သမ္မတ အိမ်တော်ရာမှ ထွက်ခွာမည်မဟုတ်ကြောင်း တနင်္ဂနွေနေ့တွင် ငြင်းဆန်ပြောဆိုသည်။ 

လက်ရှိတွင် ကမ်းလွန်ရေပြင်၌ ရေယာဉ်တစ်စင်းပေါ်တွင် နေနေရသည့် သမ္မတ ရာဂျာပတ်စာက ၎င်းအနေဖြင့် ဗုဒ္ဓဟူးနေ့တွင် ရာထူးမှ ဆင်းပေးမည်ဖြစ်ကြောင်း ပြောလာပြီး နောက်တစ်နေ့တွင် “ကျွန်တော်တို့ ကြိုးပမ်းချက်က မပြီးသေးဘူး”ဟု ကျောင်းသားခေါင်းဆောင် လာဟီရူ ဝီရာဆီကာရာက သတင်းထောက်များအား ပြောသည်။ 

“သူ အမှန်တကယ် နုတ်ထွက်သွားတဲ့အထိ ကျွန်တော်တို့ အခု ကြိုးစားအားထုတ်မှုကို လက်လျှော့မှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။ 

တောင်အာရှကျွန်းနိုင်ငံ သီရိလင်္ကာတွင် မကြုံဘူးသော စီးပွားရေးအကျပ်အတည်းနှင့် ရာဂျာပတ်စာ အုပ်စု၏ အရည်အချင်း ညံ့ဖျင်းခြင်းနှင့် အကျင့်ပျက်ခြစားခြင်းတို့ကြောင့် ဒေါသထွက်ကြသော ပြည်သူများ၏ လများနှင့်ကြာ ဆန္ဒပြမှုများသည် စနေနေ့၌ အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သည်။ 

ဆေးဝါး၊ အစားအစာနှင့် လောင်စာဆီ ပြတ်လပ်မှုများကို ရာဂျာပတ်စာအနေဖြင့် တာဝန်ခံရန် ကိုလံဘိုမြို့တော်၌ လူရာပေါင်းများစွာ စုရုံးချီတက်ကြသည်။ 

ကိုလိုနီခေတ် သမ္မတ အိမ်တော်ရာက ဂိတ်ပေါက်များကို ဝင်ရောက်စီးနင်းပြီးနောက်တွင် ဆန္ဒပြသူများသည် အိမ်ရာရှိ ခမ်းနားထည်ဝါသော ဧည့်ခန်းများသို့ ဝင်ရောက်ကြသကဲသို့ ဝင်းခြံအတွင်းက ရေကူးကန်အတွင်း ကျွမ်းပစ်ကြကာ ရေကူးခြင်း၊ ရာဂျာပတ်စာ၏ အင်္ကျီများကို မွှေနှောက်ရှာဖွေခြင်းများ ပြုလုပ်ကြသည်။ 

အိမ်ရာအနီးရှိ နာရီစင်တွင်လည်း တက်ကြွလှုပ်ရှားသူများသည် ရာဂျာပတ်စာ၏ ပုံတူအရုပ်ကို တနင်္ဂနွေနေ့ ညနေပိုင်း၌ ကြိုးပေးရာ ကြည့်ရှုနေသူ ထောင်ပေါင်းများစွာက ဩဘာပေးကြသည်။ 

အိမ်တော်ရာသို့ ဦးတည်သော လမ်းများမှာ ပြည်သူများဖြင့် ပြည့်နှက်သွားခဲ့ပြီး အချို့က လသားအရွယ် ကလေးငယ်များကို ချီပိုးရင်း၊ အချို့သော သက်ကြီးရွယ်အိုများက တွန်းလှည်းဖြင့် သွားလာသည်ကို မြင့်တွေ့ရသည်။ 

စနေနေ့က ယင်းသို့ သမ္မတ အိမ်တော်အား ဝင်ရောက်စီးနင်းကြရာတွင် သမ္မတ ထွက်ပြေးနိုင်ရန်အတွက် တပ်ဖွဲ့ဝင်များက မိုးပေါ် သေနတ်ထောင်ပစ်ခဲ့ကြသည်။ ယင်းနောက်တွင် သမ္မတက ရေတပ်ရေယာဉ်တစ်စင်းပေါ် လိုက်ပါခဲ့ပြီး ဘေးကင်းရာ ကျွန်းတောင်ပိုင်း ရေပြင်သို့ ခုတ်မောင်းသွားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required