ဆီးရီးယား တစ်နိုင်ငံလုံးအပစ်ရပ်ရေး ကမ္ဘာ့အင်အားကြီးနိုင်ငံများ သဘောတူ

ဆီးရီးယား တစ်နိုင်ငံလုံးအပစ်ရပ်ရေး ကမ္ဘာ့အင်အားကြီးနိုင်ငံများ သဘောတူ

ဘာလင်၊ ဖေဖော်ဝါရီ - ၁၂ ။            ။ ဂျာမနီတွင် ဆွေးနွေးပြီးနောက် ရက်သတ္တတစ်ပတ်အချိန်အတွင်းတွင် ဆီးရီးယားတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများ သဘောတူခဲ့ကြ သည်။

သို့ရာတွင် ယင်းအပစ်ရပ်ရေးမှာ ဂျီဟတ်အုပ်စု အိုင်အက်စ်ကို တိုက်ခိုက်နေသည့် စစ်ပွဲနှင့် အယ်လ် နုဆရာ စစ်မျက်နှာနှင့်တော့ သက်ဆိုင်ခြင်းမရှိပေ။ နိုင်ငံတကာ ဆီးရီးယား ထောက်ပံ့ရေး အုပ်စုမှ ဝန်ကြီးများက အကူအညီပေးမှုများကို အရှိန်အဟုန်မြှင့် တိုးချဲ့သွားကြရန်လည်း သဘောတူခဲ့ကြသည်။

ရုရှက လေကြာင်းတိုက်ခိုက်မှုများဖြင့် ကျောထောက်နောက်ခံပေးနေသည့် ဆီးရီးုယားစစ်တပ်က အလက်ပိုပြည်နယ်တွင် ရှေ့သို့ တိုးတက်သိမ်းပိုက်လာနေချိန်တွင် ယခုကြေညာချက် ထွက်ပေါ် လာခြင်းပင် ဖြစ်သည်။

ဆီးရီးယားစစ်တပ်က ရှေ့သို့ ချီတက်လာရာ အလက်ပိုမြို့ကြီးများ၏ သူပုန်များ ထိန်းချုပ်ထားသော အစိတ်အပိုင်းများအတွင်းရှိ သောင်းနှင့်ချီသည့် အရပ်သားများမှာ ဝိုင်းပတ်ပိတ်ဆို့ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

အပစ်ရပ်ရေး စီမံကိန်းမှာ ရည်မှန်းချက်ကြီးမားလှပြီး၊ သက်ဆိုင်သူများက ဆုံးဖြတ်ချက်များကို လေးစားလိုက်နာရန် အရေးကြီးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

“ဒီနေရာမှာတော့ စာရွက်ပေါ်က စကားလုံးတွေမျှသာပဲ။ နောက်တစ်ရက် နှစ်ရက်အတွင်း စစ်မြေပြင်မှာ လက်တွေ့အကောင်အထည်ဖော်မလားဆိုတာ ကြည့်ရမှာပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်နှင့် ရုရှက ကြီးမှူးသည့် အလုပ်အဖွဲ့က ဆီးရီးယား သူပုန်အုပ်စုများနှင့် တိုင်ပင်ကာ အပစ်ရပ်ရေးကို အကောင်အထည်ဖော်ရန် လက်တွဲအလုပ်လုပ်သွားမည်ဟု ဆိုသည်။

ဝိုင်းပတ်ပိတ်ဆို့ခံနေရသည့် ဆီးရီးယားလူထုများသို့ အကူအညီများကို သောကြာနေ့တွင် စတင်ကာ ထောက်ပံ့သွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly