ပါကစ္စတန် မြောက်ဝါဇီရစ္စတန်တွင် ဖြစ်ပွားသည့် အသေခံတိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦး ဒဏ်ရာရ

ပါကစ္စတန် မြောက်ဝါဇီရစ္စတန်တွင် ဖြစ်ပွားသည့် အသေခံတိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ မြောက်ဝါဇီရစ္စတန် မျိုးနွယ်စု ခရိုင်တွင် ဇူလိုင် ၄ ရက်က အသေခံဗုံးခွဲသမားတစ်ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းတစ်ခုကို တိုက်ခိုက်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့ပြီး ၃ ဦး ဒဏ်ရာပြင်းထန်ခဲ့သည်။

ယာဉ်တန်းသည် မီရာလီမှ ခရိုင်ဌာနချုပ်ဖြစ်သည့် မီရမ်ရှားသို့ ဦးတည် သွားလာခဲ့စဉ် ဆိုင်ကယ်တစ်စီး စီးလာသည့် အသေခံဗုံးခွဲသမားတစ်ဦးက မော်တော်ယာဉ်တစ်စီးအနီး ၎င်းကိုယ်ကိုယ် ဖောက်ခွဲသွားခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ထို တိုက်ခိုက်မှုသည် မီရာလီရှိ ခါဒီ ဈေးအနီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မော်တော်ယာဉ်တန်း အသေခံဗုံးခွဲတိုက်ခိုက်ခံရကြောင်း ဒုတိယကော်မရှင်နာ ရှာဟစ် အလီ ခန်းက အတည်ပြုသည်။ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ၎င်းက ပြောသည်။ တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး ဒဏ်ရာများ ရခဲ့ကြောင်း အစောပိုင်းက ရဲတစ်ဦးက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင် ၃ဦး ဒဏ်ရာအပြင်းအထန် ရသွားခဲ့၍ ဘန်နူမြို့ စစ်ဆေးရုံတစ်ခုသို့ တင်ပို့ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

တိုက်ခိုက်မှု ဖြစ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များသည် ယင်းဧရိယာကို ပိတ်ဆို့ခဲ့ပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။ မီရာလီ- မီရမ်ရှား လမ်းတွင် ယာဉ်သွားလာမှုကို ပိတ်ထားခဲ့ကြောင်း ဒေသခံများက ပြောသည်။ လက်ရှိအချိန်အထိ ယင်းတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ခံထုတ်ဖော်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly