တာလီဘန် အုပ်ချုပ်မှုအောက်၌ အာဖဂန်ပြည်သူ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်လာနိုင်ခြေရှိ

တာလီဘန် အုပ်ချုပ်မှုအောက်၌ အာဖဂန်ပြည်သူ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်လာနိုင်ခြေရှိ

အာဖဂန်နစ္စတန်တွင် ပြည်တွင်း နေရပ်စွန့်ခွာရသည့် ပြည်သူများကို တာလီဘန်တို့က မူလနေရာ ပြန်သွားခိုင်းနေခြင်းနှင့်အတူ နိုင်ငံတွင်းရှိ မိသားစု ၅၀၀ ၀၀၀ ခန့်သည် အိုးမဲ့အိမ်မဲ့ အဖြစ်သို့ ကျရောက်လုနီးပါး ဖြစ်နေသည်ဟု နော်ဝေ ဒုက္ခသည် ကောင်စီ (NRC) က ထုတ်ပြန်သည်။

“လူ ၄၀၀၀ နီးပါးဟာ ကဘူးလ်မြို့ထဲနဲ့ မြို့အနီးဝန်းကျင်မှာ သူတို့ဘာသာ ဖြစ်သလို ဆောက်ထားတဲ့ အိမ်တွေကနေ နှင်ထုတ်ခံခဲ့ရပါတယ်” ဟု အာဖဂန်နစ္စတန်ရှိ NRC ၏ ဌာနေ ညွှန်ကြားရေးမှူး နေးလ် တန်နာက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

အလားတူ လုပ်ဆောင်ချက်မျိုး ဆက်ရှိနေပါက နောက်ထပ် လူ သောင်းနှင့်ချီ၍ နေရာရွှေ့ပြောင်းကြရလိမ့်မည် ဖြစ်ပြီး လူသားချင်းစာနာမှု အဖွဲ့အစည်းများအနေဖြင့်လည်း နေရပ်စွန့်ခွာကြရသူများ၏ နောက်ထပ် ကြီးမားသော လှိုင်းတစ်ခုကို တုံ့ပြန်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ကြောင်း ၎င်းက ပြောခဲ့သည်ဟု Khaama Press က ဖော်ပြသည်။

ယမန်နှစ် ဩဂုတ်လတွင် တာလီဘန်တို့က အာဖဂန်ကို ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း နိုင်ငံရေး မတည် မငြိမ်ဖြစ်မှုနှင့် နောက်ဆက်တွဲအားဖြင့် နိုင်ငံအပေါ် ဖိစီးခဲ့သည့် စီးပွားရေး ထိုးစိုက်ကျဆင်းမှုတို့နှင့်အတူ ဆယ်စုနှစ်များစွာကြာ စစ်ပွဲတိုက်ခိုက်မှုများ ရှိခဲ့ခြင်းကြောင့် အာဖဂန်ပြည်သူများသည် အာဖဂန်မြေကနေ နေရပ် စွန့်ခွာထားခဲ့ကြရသည်။

ထိုသို့ ရွှေ့ပြောင်းရသူများအနက်မှ အချို့သည် အရွယ်အစား ပိုကြီးသော မြို့များ၏ အပြင်ဘက် နယ်မြေများတွင် အခြေချနေထိုင်ခဲ့ကြပြီး အချိန်ကြာလာသည်နှင့်အမျှ ယင်းတို့က ကျူးကျော်ရပ်ကွက်များအဖြစ် သို့ ပြောင်းလဲခဲ့ကြောင်း Khaama Press က ဖော်ပြသည်။

နေရပ်စွန့်ခွာထားခဲ့ကြရသည့် အာဖဂန်များအတွက် ရေရှည် ဖြေရှင်းချက်နည်းလမ်းများအပေါ် အာရုံစိုက်ရန်နှင့် ကျူးကျော် ရပ်ကွက်များ ပိတ်သိမ်းနေခြင်းအား ရပ်ဆိုင်းရေးတို့ကို NRC ၏ ထုတ်ပြန်ချက်ထဲတွင် တာလီဘန်တို့ကို တောင်းဆိုခဲ့သည်။

ထို့ပြင် ကဘူးလ်၊ မာဇာ-အီ-ရှာရစ်ဖ်၏ မြို့စွန်နေရာများ နှင့် ဒိုင်ကွန်ဒီ ကဲ့သို့ ပြည်နယ်များမှ ပြည်သူများကို တာလီဘန်တို့က မောင်းထုတ်မှုများ ရှိခဲ့သည်ဟု သတင်းရင်းမြစ်များကို ကိုးကားပြီး Khaama Press က ဖော်ပြသည်။

ပြည်တွင်း နေရပ်စွန့်ခွာကြသူများကို ၎င်းတို့၏ မူလ နေရာဒေသများသို့ ပြန်ပို့ရန် တာလီဘန် အစိုးရဘက်မှ ပိုမို ဖိအား ပေးလာခြင်းကြောင့် အာဖဂန်တွင် မိသားစု ၅၀၀ ၀၀၀ ခန့်သည် မကြာမီ အိုးအိမ်မဲ့ဖြစ်လာနိုင်သည်ဟု နော်ဝေ ဒုက္ခသည် ကောင်စီ (NRC) က ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly