ပါကစ္စတန်၏ ငွေကြေးဖောင်းပွမှု ၁၃ နှစ်ကျော်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

ပါကစ္စတန်၏ ငွေကြေးဖောင်းပွမှု ၁၃ နှစ်ကျော်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

ပါကစ္စတန်၏ ငွေကြေးဖောင်းပွမှုနှုန်းက ဇွန်လတွင် ၂၁ ဒသမ ၃၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ရာ ၁၃ နှစ်ကျော်အတွင်း အမြင့်ဆုံး ဖြစ်ကြောင်း Dawn သတင်းစာက ဇူလိုင် ၁ ရက်တွင် ဖော်ပြသည်။

စားသုံးသူ ဈေးဆနှုန်း (CPI) ဖြင့် တိုင်းတာသည့် ငွေကြေးဖောင်းပွမှုနှုန်းသည် ပြီးခဲ့သည့် မေလက ၁၃ ဒသမ ၇၆ ရာခိုင်နှုန်း ဖြစ်ကြောင်း ပါကစ္စတန်၏ စာရင်းအင်း ဗျူရို (PBS) က ထုတ်ပြန်ခဲ့သည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် တစ်လထက်တစ်လ ၆ ဒသမ ၃၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဇွန်လတွင် တစ်နှစ်ထက် တစ်နှစ် ၂၁ ဒသမ ၃၂ ရာခိုင်နှုန်းကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

အဆိုပါကာလ မတိုင်မီ အမြင့်ဆုံးသော ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလက ၂၃ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်သည်။

မြို့ပြဧရိယာများတွင် ငွေကြေးဖောင်းပွမှုက ၁၉ ဒသမ ၈၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကျေးလက် ဧရိယာများတွင် ၂၃ ဒသမ ၅၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း PBS က ထုတ်ပြန်သည်။

လုပ်ငန်းကဏ္ဍ အများအပြားတွင် ဂဏန်းနှစ်လုံး ငွေကြေးဖောင်းပွမှုနှုန်းကို မြင်တွေ့ခဲ့ရသည်။

သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် အမြင့်ဆုံး ငွေကြေးဖောင်းပွမှုနှုန်း ၆၂ ဒသမ ၁၇ ရာခိုင်နှုန်းအဖြစ် မှတ်တမ်း ဝင်ခဲ့ပြီး ပျက်စီး ပုပ်သိုးလွယ်သော အစားအစာ ပစ္စည်းများနှင့် ဈေးနှုန်းများက ၃၆ ဒသမ ၃၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ယင်းက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly