တရုတ်မူးယစ်ဆေးဝါးဂိုဏ်းများကို နှိမ်နင်းရန် ကမ္ဘောဒီးယားကို အင်န်ဂျီအိုများ တိုက်တွန်း

တရုတ်မူးယစ်ဆေးဝါးဂိုဏ်းများကို နှိမ်နင်းရန် ကမ္ဘောဒီးယားကို အင်န်ဂျီအိုများ တိုက်တွန်း

ကမ္ဘောဒီးယားနိုင်ငံတွင် မက်သာဖက်တမင်း သုံးစွဲမှု မြင့်တက်နေခြင်းကြောင့် အစိုးရအနေဖြင့် နိုင်ငံတွင်းရှိ တရုတ်မူးယစ်ရာဇာများအပေါ် ပိုမိုပြင်းထန်သော အရေးယူမှုများ ချမှတ်ရန် အင်န်ဂျီအို အဖွဲ့များက တိုက်တွန်းလိုက်သည်။

မှောင်ခိုတင်သွင်းသောပစ္စည်းများဖြင့် မူးယစ်ဆေးဝါးများထုတ်လုပ်ရန် ကမ်းရိုးတန်းစီရင်စုတွင် စက်ရုံတည်ထောင်ထားသည့် တရုတ်နိုင်ငံသား ၇ ဦးကို ဆီဟန်နိုဗေးလ်မြို့တွင် ယခုသီတင်းပတ်အတွင်း၌ ဖမ်းလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် အဆိုပါတောင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အာဏာပိုင်များက ဖမ်းဆီးစဉ်အတွင်း မူးယစ်ဆေးဝါးပစ္စည်း ၁၄ တန် (၁၅ ဒသမ ၄ တန်) နှင့် ထုတ်လုပ်သည့် စက်ကိရိယာများကို သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံ့ရဲတပ်ဖွဲ့က ၎င်းတို့ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဇူလိုင် ၅ ရက်က တင်ခဲ့သည်။ ဖမ်းဆီးခံထားရသည့် သံသယရှိသူ ၇ ဦးကို ကမ္ဘောဒီးယား တရားရုံးများသို့ပို့ဆောင်ကာ ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

“မူးယစ်ဆေးဝါးသုံးစွဲမှုက ဆီဟန်နိုဗေးလ်မြို့ကနေ ဆင်ခြေဖုံးရပ်ကွက်တွေအထိ ပျံ့နှံ့နေပြီး နောက်ဆုံးမှာ နိုင်ငံထဲအထိရောက်လာပြီးတော့ ရာဇဝဝ်ဂိုဏ်းသားတွေက ပြန်ပေးဆွဲတာတွေ အကြမ်းဖက်တာတွေ ဖြစ်လာနိုင်ပါတယ်” ဟု လူ့အခွင့်အရေးအဖွဲ့ Adhoc ၏ ပြည်နယ်ညှိနှိုင်းရေးမှူး ချိဆိုသီရိက RFA သို့ပြောသည်။

တရုတ်မူးယစ်ရာဇာများသည် ကမ္ဘောဒီးယားနိုင်ငံကို တရားဥပဒေစိုးမိုးမှု အားနည်းသောနိုင်ငံအဖြစ် ရှုမြင်ပြီး ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း Transparency International Cambodia အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ပက်ချ်ပီစီက RFA သို့ပြောသည်။

ကမ္ဘောဒီးယားရဲတပ်ဖွဲ့သည် ၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း မူးယစ်ဆေးကုန်ချောနှင့် မူးယစ်ဆေးဝါး ပါဝင်ပစ္စည်း စုစုပေါင်းတန်ချိန် ၁၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီး ဆာခန်က ဇွန်လ ၂၆ ရက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ပြောကြားခဲ့သည်။

သို့သော် သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးကုန်ချော တန်ချိန် ၁၀ ၀၀၀ နီးပါးအနက် တန်ချိန် ၆ ၀၀၀ သာ ဖျက်ဆီးခံခဲ့ကြောင်း ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly