လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံရသည့် မြန်မာနှစ်ဦး အယူခံတင်ရန် အချိန်ထပ်တိုးတောင်းမည်

လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံရသည့် မြန်မာနှစ်ဦး အယူခံတင်ရန် အချိန်ထပ်တိုးတောင်းမည်

ချင်းမိုင်၊ဖေဖော်ဝါရီ ၁၂ ။            ။ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုဖြင့် သေဒဏ်ချမျတ်ခံရသော မြန်မာနိုင်ငံသား နှစ်ဦး၏ အမှုကိုအယူခံ တင်ရန် အချိန်မလုံလောက်သေးသဖြင့် တစ်လ ထပ်မံ တိုးမြင့်တောင်းဆိုရန် ပြင်ဆင်နေသည်ဟု မြန်မာသံရုံးစုံစမ်းရေးကော်မတီအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အယူခံ တင်ဖို့ တော်တော်များများတော့ရေးပြီးနေပါပြီ။ ဒါပေမဲ့ မြန်မာပြည်ဘက်က ရှေ့နေတွေနဲ့ ပူးပေါင်းပြီးတော့ တင်ရမယ်ဆိုတော့ အချိန်မလုံလောက်ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ထပ်တိုးဖို့ တောင်းမယ်။”ဟု သူက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်း ကမူ ဖေဖော်ဝါရီလ ၂၄ ရက်တွင် အယူခံတင်မည်ဟု စီစဉ်ခဲ့သော်လည်း အမှု အယူခံနှင့် ပတ်သက်၍ မြန်မာအစိုးရမှ မြန်မာရှေ့နေချုပ်ရုံး၏ အကြံဉာဏ်များ ရယူရန်အတွက် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ရက်တိုးတောင်းဆိုရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“ဒီဘက်က ရေးထားပြီးသား အချက်အလက်တွေ ရေးပြီးခါနီး ဖြစ်ပေမဲ့ ဒါကို အန်ကယ်တို့ မြန်မာပြည် ဘက်ကို ပေးအုန်းမယ်။ မြန်မာရှေ့နေတွေဘက်ကလည်း အကြံဉာဏ်ပေးချင်တယ်ဆိုတော့ သူတို့ကို ပို့ပေးရ အုန်းမယ်။ မှုခင်းနဲ့ ပတ်သက်တဲ့ဟာတွေ လိုနေသေးတယ်။ ပထမက ၂၄ရက် ၂ လပိုင်းကို တင်ဖို့ လုပ်ထားတာ။ ဒါပေမဲ့ အခုအခြေအနေအရ မလောက်ဘူးလို့ ယူဆထားတယ်။ ”ဟု သူကပြော သည်။

သေဒဏ်ချမှတ်ခံရသော မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ နှစ်ဦး အမှုအယူခံအမှုအယူခံနှင့် ပတ်သက်သော အမှုတွဲပါ အချက်အလက်များကို မြန်မာသံရုံးစုံစမ်းရေးကော်မတီနှင့် ထိုင်းရှေ့နေများ ကောင်စီတို့ ပူးပေါင်း၍ ပြင်ဆင်နေခြင်း ဖြစ်သည်။

လက်ရှိ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့သည် ထောင်ဒဏ် ၂၅ နှစ်အထက် အကျဉ်းသားများကို ထားရှိသော နွန်ထဘူရီခရိုင် ဘန်ကဝမ်(BangKwang) အကျဉ်းထောင်တွင် ကျန်းမာရေး ကောင်းမွန်နေကြောင်း သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly