ပါကစ္စတန်တွင် ပိုလီယိုရောဂါကို အမြစ်ဖြတ်နိုင်မှု မရှိခြင်းက အစိုးရ၏ လေးနက်စွာလုပ်ကိုင်မှု ကင်းမဲ့ခြင်းကို ပြသနေ

ပါကစ္စတန်တွင် ပိုလီယိုရောဂါကို အမြစ်ဖြတ်နိုင်မှု မရှိခြင်းက အစိုးရ၏ လေးနက်စွာလုပ်ကိုင်မှု ကင်းမဲ့ခြင်းကို ပြသနေ

ပါကစ္စတန်နိုင်ငံတွင် ပိုလီယိုအကြောသေရောဂါကို အမြစ်ဖြတ် ကင်းစင်ပပျောက်စေရန် လုပ်ဆောင်ထားနိုင်မှု မရှိခြင်းက အဆိုပါ ရောဂါ၏ အန္တရာယ်အောက်မှ ကလေးများကို ကယ်တင်ရမည့် အစိုးရနှင့် လူ့အဖွဲ့အစည်းတို့၏ အပိုင်းတွင် ကတိပြု နှစ်မြှုပ်လုပ်ကိုင်မှုနှင့် တာဝန်ဝတ္တရားတို့ ကင်းမဲ့နေခြင်းကို ထင်ဟပ်ပြသနေသည်။

ပြီးခဲ့သော နှစ်များအတွင်း များပြားသော နိုင်ငံခြား ငွေကြေးထောက်ပံ့မှုကို လက်ခံရရှိထားခဲ့သလို ပိုလီယို တိုက်ဖျက်ရေး လှုပ်ရှားမှု တစ်ချို့ကို လုပ်ဆောင်ထားခဲ့သည် ဆိုသော်လည်း အဆိုပါ ကျန်းမာရေး ပြဿနာကို ကိုင်တွယ်ရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများတွင် ကြီးလေးသော လစ်ဟာမှုအချို့ ရှိနေခဲ့သည်ဟု Global Start View က ဖော်ပြသည်။

ဖြည့်စွက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး တိုက်တွန်းလှုံ့ဆော်မှုအများအပြား ရှိခဲ့သော်လည်း ပါကစ္စတန်၏ ပိုလီယို အမြစ်ဖြတ် ကင်းစင်စေရေး လှုပ်ရှားမှုများ မအောင်မြင်ခြင်းက လက်ရှိတွင် ပိုလီယို ကင်းစင်သော ကမ္ဘာ တစ်ခုအတွက် ကမ္ဘာလုံးဆိုင်ရာ စိတ်မှန်း အနာဂတ်မြင်ကွင်းအပေါ် ပိတ်ဆို့ကာဆီးနေသည်။

ပြဿနာက ဘဏ္ဍာရေးနှင့် အဖွဲ့အစည်းဆိုင်ရာ လိုအပ်ချက်များအပြင် ဖြစ်ပေါ်နေဆဲ ပဋိပက္ခနှင့် မလုံခြုံမှု တို့တွင်လည်း အမြစ်တွယ်နေသည်။ အဆိုပါ ပဋိပက္ခနှင့် မလုံခြုံမှုတို့က ယင်းနိုင်ငံတွင် ထိရောက်မှုရှိသော ကာကွယ်ဆေးထိုးမှု ကမ်ပိန်းများကို ဆက်တိုက် ကျရှုံးစေသည့် အကြောင်းရင်းများ ဖြစ်သည်။

ပိုလီယို ကာကွယ်ဆေး လုပ်သားများနှင့် လုံခြုံရေးအစောင့်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ ဧရိယာအချို့တွင် ပိုလီယို ကာကွယ်ဆေးထိုးမှုအပေါ် လုံးလုံးလျားလျား ပိတ်ပင်ခြင်းတို့ အပါအဝင် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့သည် နယ်စပ်တစ်လျှောက်၌ သိသာထင်ရှားသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

ဒေသ၌ လုံခြုံမှုမရှိဘဲ မဝံ့မရဲဖြစ်ခြင်းက ပိုလီယို အမြစ်ဖြတ်ချေမှုန်းရေးအတွက် သိသာထင်ရှားသည့် အတားအဆီးတစ်ခုအဖြစ် မကြာခဏ သတ်မှတ်ဖော်ပြခံရကြောင်း Global Start View က ဖော်ပြသည်။ 

ပြီးခဲ့သော နှစ်များက ပိုလီယို ကာကွယ်ဆေးထိုး ကမ်ပိန်းများအတွင်း ပိုလီယို ကာကွယ်ဆေးထိုး လုပ်သားများ နှင့် လုံခြုံရေးအမှုထမ်း အများအပြား အသက်ဆုံးရှုံးရမှုများ ရှိထားခဲ့သလို ယင်းကဲ့သို့သော ဖြစ်စဉ် များက ပါကစ္စတန်တွင် ပိုလီယိုရောဂါက ဖြစ်ပွားလေ့ရှိသော ရောဂါတစ်ခုအဖြစ် ဆက်ရှိနေရသည့် အဓိက အကြောင်းရင်းများအနက် တစ်ခုဖြစ်နေခဲ့သည်။

ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် အပါအဝင် ပါကစ္စတန်နိုင်ငံ၌ ၂၀၁၂ နောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပိုလီယို ကာကွယ်ဆေးထိုးလုပ်သား ၇၀ ဦးအထိ သေဆုံးခဲ့ရသည်ဟု မီဒီယာ သတင်းများက ဖော်ပြကြောင်း Global Start View က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly