ပါကစ္စတန်က စွန့်ပစ်ပစ္စည်း တင်သွင်းသည့် အဓိကနိုင်ငံ ဖြစ်နေ

ပါကစ္စတန်က စွန့်ပစ်ပစ္စည်း တင်သွင်းသည့် အဓိကနိုင်ငံ ဖြစ်နေ

ဗြိတိန်၊ အီရန်၊ ယူအေအီး၊ ဆော်ဒီ အာရေးဗျ၊ အမေရိကန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ စပိန်၊ ကနေဒါ နှင့် အီတလီတို့သည် ပါကစ္စတန်သို့ စွန့်ပစ်ပစ္စည်း အများဆုံး တင်ပို့သည့် ၁၀ နိုင်ငံ ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ခေါင်းခြောက်သွားခဲ့ရကြောင်း ပါကစ္စတန်၏ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆိနိတ် အမြဲတမ်းကော်မတီ၏ ကော်မတီဝင်များက ဇွန် ၃၀ ရက်တွင် ပြောကြားလိုက်သည်။

ပါကစ္စတန်ထံ စွန့်ပစ်ပစ္စည်းများကို အများဆုံး တင်ပို့စွန့်ပစ်နေသော ၁၀ နိုင်ငံထဲတွင် ရာသီဥတု ပြောင်းလဲမှု ကိစ္စရပ်များအပေါ် စိုးရိမ်ပူပန်ကြောင်း မကြာခဏ ထုတ်ဖော်ထားသည့် နိုင်ငံများအပြင် ရင်းနှီးသော မိတ်ဆွေ နိုင်ငံအချို့လည်း ပါဝင်နေသည်ကို တွေ့လိုက်ရချိန်တွင် ကော်မတီအနေဖြင့် တုန်လှုပ်ခြောက်ခြားခဲ့ရသည်ဟု ဆိုသည်။ “စွန့်ပစ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းမှု” အပေါ် အဘယ့်ကြောင့် မည်သူကမှ မကန့်ကွက်ခဲ့ရသနည်းဟု ကော်မတီက မေးခွန်းထုတ်ခဲ့သည်။

“ပြည်တွင်းသို့ တင်သွင်းသော စွန့်ပစ်ပစ္စည်း” ဆိုသည့် စကားလုံးများကြောင့် ကော်မတီ အဖွဲ့ဝင်များထံမှ အရွှန်းဖောက် တုံ့ပြန်မှုများ ထွက်ပေါ်ခဲ့သည်။ ပါကစ္စတန်နိုင်ငံ၏ နိုင်ငံရေးမြင်ကွင်းတွင် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း ဖြုတ်ချခံရပြီးနောက်ပိုင်း “ပြည်ပမှ တင်သွင်းသော အစိုးရ” ဆိုသည့် စကားလုံးက ပဲ့တင်ရိုက်နေခဲ့၍ ဖြစ်သည်။ ပြည်ပမှ ဩဇာအာဏာရှိသူများက ၎င်းကို ရာထူးမှ ဖယ်ရှားပြီး လက်ရှိအစိုးရကို တင်မြှောက်ထား ခဲ့ခြင်း ဖြစ်ကြောင်း အီမရန် ခန်းက ပြစ်တင်စွပ်စွဲထားသည်။

“ပြည်တွင်းကို တင်သွင်းတဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ပတ်သက်လို့ ပါကစ္စတန်အနေနဲ့ ဘာကြောင့် ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ရတာလဲ” ဟု ကော်မတီဝင်တစ်ဦးက မေးခွန်းထုတ်သည်။ ထို့ပြင် အဆိုပါကိစ္စကို သံရုံးများ၊ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ ဌာနများ၊ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရများက ယင်းကို မည်သည့်အတွက်ကြောင့် တစ်ကြိမ်တစ်ခါမှ တားဆီးရန် မကြိုးစားခဲ့သလဲဟု ၎င်းက ထပ်မံ မေးခွန်းထုတ်ခဲ့သည်။

နိုင်ငံများ၏ အမည်များနှင့် အဆိုပါ နိုင်ငံများက ပါကစ္စတန်သို့ စွန့်ပစ်ပစ္စည်းများ တင်ပို့နေသည် ဆိုသည့် ကိစ္စက လွှတ်တော်အမတ် အများစုအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။ ပါကစ္စတန်သည် ကမ္ဘာ့ စက်မှုအထွန်းကားဆုံး နိုင်ငံများ၏ အမှိုက်စွန့်ပစ်ရာ နေရာတစ်ခု ဖြစ်သည် ဆိုသည်ကို ၎င်းတို့အနေဖြင့် သိပင်မသိခဲ့ကြောင်း လည်း လွှတ်တော်အမတ်များက ဝန်ခံခဲ့သည်။

“ကျွန်တော်တို့ဟာ စွန့်ပစ်ပစ္စည်းတွေကို ဘာကြောင့်များ နိုင်ငံခြားကနေ တင်သွင်းနေခဲ့ရတာလဲ” ဆိုပြီး လွှတ်တော်အမတ်တစ်ချို့က သိချင်နေခဲ့ကြသည်။ 

ထို့ပြင် ထိုကဲ့သို့ တင်သွင်းမှုက မည်သည့်အချိန်ကတည်းက ရှိနေခဲ့သလဲ ဆိုသည်နှင့် ပါကစ္စတန်အနေဖြင့် ထိုကဲ့သို့သော  စွန့်ပစ်ပစ္စည်းများကို ကိုင်တွယ်နိုင်စွမ်း ရှိသလား ဆိုပြီး ၎င်းတို့က မေးခွန်းထုတ်ခဲ့ကြသည်။

“ကျွန်တော်တို့ကရော ဘာကြောင့် စွန့်ပစ်ပစ္စည်းတွေကို ပြည်ပကို မတင်ပို့တာလဲ” ဟု အခြား လွှတ်တော်အမတ် များက မေးခွန်းထုတ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အထက်ပါ ၁၀ နိုင်ငံသို့  စွန့်ပစ်ပစ္စည်းများ ပြန်လည် တင်ပို့ ခဲ့ခြင်း မရှိသည့်အတွက် ပါကစ္စတန်၏ လမ်းများတွင် အဆိပ်ဖြစ်စေသည့် စွန့်ပစ်ပစ္စည်းများ၊ အဆိပ်အတောက် မဖြစ်စေသည့် စွန့်ပစ်ပစ္စည်းများဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်ဟု ၎င်းတို့က အရွှန်းဖောက် ပြောဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly