အိန္ဒိယကာကွယ်ဝန်ကြီး လေယာဉ်အင်ဂျင်ထုတ်လုပ်သည့် ပြင်သစ် ကုမ္ပဏီကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

အိန္ဒိယကာကွယ်ဝန်ကြီး လေယာဉ်အင်ဂျင်ထုတ်လုပ်သည့် ပြင်သစ် ကုမ္ပဏီကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

အိန္ဒိယကာကွယ်ရေးဝန်ကြီး ရက်ခ်ရှာမန်ထရီရာဂျာနသ်ဆင်းသည် ပြင်သစ်နိုင်ငံမှ လေယာဉ်အင်ဂျင် ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သော Safran Group ၏ အမှုဆောင်အရာရှိချုပ် အိုလီဗာအင်ဒရေးစ်ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နယူးဒေလီမြို့တွင် ဇူလိုင် ၅ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း တရားဝင်ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကုမ္ပဏီသည် ခရီးသည်တင်နှင့် ဂျက်တိုက်လေယာဉ်များအတွက် ခေတ်မီ အင်ဂျင်များကို ထုတ်လုပ်ပေးနေသည့် နာမည်ကျော် ကုမ္ပဏီတစ်ခုဖြစ်သည်။

‌ယင်းသို့ တွေ့ဆုံရာတွင် ကုမ္ပဏီအရာရှိချုပ်က အိန္ဒိယနှင့် ပြည်ပ စီးပွားဖြစ်လေကြောင်းလိုင်းများက အသုံးပြုနေသည့် LEAP-1A နှင့် LEAP-1B အင်ဂျင်များ ပြင်ဆင်ပြုပြင်မွမ်းမံမည့် MRO စက်ရုံတစ်ရုံအား အိန္ဒိယတွင် လာရောက်တည်ဆောက်မည့် အစီအစဉ်ကို ဆွေးနွေးတင်ပြခဲ့သည်။

‌စက်ရုံအား ပြည်ပမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖြင့် ဟိုက်ဒရာဘတ်မြို့တွင် တည်ဆောက်ရန် မျှော်လင့်ထားပြီး ကျွမ်းကျင်ဝန်ထမ်းပေါင်း ၅၀၀ မှ ၆၀၀ အထိအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ စတင်လည်ပတ်ချိန်တွင် စက်ရုံအနေဖြင့် တစ်နှစ်လျှင် အင်ဂျင်အလုံး ၂၅၀ကို ပြုပြင်မွမ်းမံပေးနိုင်မည်ဖြစ်သည်။

‌ဟိုက်ဒရာဘတ်မြို့တွင် Safran Aircraft Engines နှင့် Safran Electrical & Power India Pvt Ltd. လုပ်ငန်း ၂ ခုစလုံးကို ယခုသီတင်းပတ်အတွင်း၌ စတင်ဖွင့်လှစ်မည့် အစီအစဉ်နှင့် Safran နှင့် ပြည်တွင်းမှ HAL Aircraft Engines လုပ်ငန်းအား ဖက်စပ်လုပ်ငန်းအဖြစ် ဘင်ဂါလူရူမြို့၌ ဖွင့်လှစ်သွားမည်ကိစ္စရပ်တို့ကိုလည်း အမှုဆောင် အရာရှိချုပ်က ကာကွယ်ရေးဝန်ကြီးသို့ တင်ပြခဲ့သည်။

ဟိုက်ဒရာဘတ်မြို့တွင် ဖွင့်လှစ်မည့် Safran Aircraft Engines လုပ်ငန်းတွင် ယူရို ၃၆ သန်း ရင်းနှီးမြှုပ်နှံထားပြီး အထူးစက်မှုဇုန်ရှိ မြေ ၁၀ ဧကပေါ်တွင် ဆောက်လုပ်ပြီး ခေတ်မီလေယာဉ်အင်ဂျင်များအတွက် ပစ္စည်းအစိတ်အပိုင်းများကို ထုတ်လုပ်သွားမည်ဖြစ်သည်။

‌ခရီးသည်နှင့် တိုက်ဂျက်လေယာဉ်များအတွက် အစိတ်အပိုင်းများကို Safran Electrical & Power India Pt Ltd ကုမ္ပဏီက ထုတ်လုပ်သွားမည်ဖြစ်သလို Safran နှင့် HAL တို့၏ ဖက်စပ်ကုမ္ပဏီက ရဟတ်ယာဉ်အင်ဂျင် အပါအဝင် လေယာဉ်အင်ဂျင်များအတွက် အစိတ်အပိုင်းများ ထုတ်လုပ်မည်ဖြစ်သည်။ အဆိုပါ ဖက်စပ်လုပ်ငန်းမှ အဆင့်မြင့်ဝန်ထမ်း ၁၆၀ ကို ခန့်ထားသွားနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly