အငြင်းပွားကျွန်းများအနီး တရုတ်သင်္ဘောဖြတ်သန်းသွားလာခြင်းကို ဂျပန် ကန့်ကွက်

အငြင်းပွားကျွန်းများအနီး တရုတ်သင်္ဘောဖြတ်သန်းသွားလာခြင်းကို ဂျပန် ကန့်ကွက်

ရုရှားက ရေတပ်သင်္ဘောကို အငြင်းပွားကျွန်းများအနီးသို့ စေလွှတ်လိုက်ကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် တရုတ်ရေတပ်မှ သင်္ဘော တစ်စင်းက ယင်းနေရာသို့ ဖြတ်သန်းသွားလာခြင်းနှင့် ပတ်သက်၍လည်း ဂျပန်အရာရှိတစ်ဦးက တရုတ်ကို ဇူလိုင် ၄ ရက်တွင် ပြစ်တင်ကန့်ကွက်လိုက်သည်။

ဂျပန်က ရှင်ကာကုဟုခေါ်ပြီး တရုတ်က သရောက်ယွီဟုလူသိများသော အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းငယ်များ နှင့် ပတ်သက်ပြီး ဂျပန်နှင့် တရုတ်ကြား ကာလရှည်ကြာ အငြင်းပွားခဲ့ကြသည်။

ကျွန်းများအနီးရှိ ရေပြင်တွင် တရုတ်ကမ်းခြေစောင့်သင်္ဘောများ ရှိနေခြင်းကို ဂျပန်အာဏာပိုင်များက ပုံမှန်ကန့် ကွက်လေ့ရှိသော်လည်း ရေတပ်သင်္ဘောတစ်စင်းကို ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ယင်းနေရာတွင် တွေ့ရှိခြင်းဖြစ်ကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့သည်။

ဇူလိုင် ၄ရက် နံနက် ၇ နာရီ ၄၄ မိနစ်ခန့်တွင် တရုတ်ရေတပ်မှ ဖရီးဂိတ်သင်္ဘောတစ်စင်းသည် ဂျပန် ထိန်းချုပ် ထားသော ကျွန်းတစ်ကျွန်း၏ အနောက်တောင်ထောင့်သို့ ဝင်ရောက်လာကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိစပ်ရေပိုင်နက်များသည် ပိုင်နက်ရေပိုင်နက်ထက် ကျော်လွန်၍ ရေမိုင် ၁၂ မိုင် ရှည်လျားသည့် ရေပိုင်နက် ဖြစ်သည်။

'ကျွန်တော်တို့ စိုးရိမ်ပူပန်မှုကို သံတမန်လမ်းကြောင်းကနေတဆင့် တရုတ်ဘက်ကို ကန့်ကွက်ခဲ့ပြီး အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားအောင် တားဆီးဖို့ တိုက်တွန်းခဲ့ပါတယ်' ဟု အစိုးရအဖွဲ့ဒုတိယအတွင်းဝန် ဆာဂျီ ကီဟာရာက သတင်းထောက်များအား ပြောကြားခဲ့သည်။

အဆိုပါ ကျွန်းငယ်များသည် သမိုင်းကြောင်းနှင့် နိုင်ငံတကာ ဥပဒေအမြင်အရ ဂျပန်ပိုင်နက်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဇူလိုင်လ ၄ရက် နံနက်ပိုင်းတွင် အငြင်းပွားကျွန်းစုများ၏ ဆက်စပ်ရေပိုင်နက်အတွင်း ရုရှားရေတပ်သင်္ဘော တစ်စင်းကိုလည်း တွေ့ရှိခဲ့ကြောင်း NHK၊ Jiji Press နှင့် အခြားဂျပန်မီဒီယာများက ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly