ပါကစ္စတန်က အာဖဂန်မှ ကျောက်မီးသွေးတင်သွင်းရန် စီစဉ်နေချိန်တွင် တာလီဘန်တို့က ကျောက်မီးသွေး ဈေးနှုန်းကို မြှင့်တင်

ပါကစ္စတန်က အာဖဂန်မှ ကျောက်မီးသွေးတင်သွင်းရန် စီစဉ်နေချိန်တွင် တာလီဘန်တို့က ကျောက်မီးသွေး ဈေးနှုန်းကို မြှင့်တင်

အာဖဂန်နစ္စတန်မှ ကျောက်မီးသွေးကို ဝယ်ယူတင်သွင်းရန် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က အတည်ပြုခဲ့ပြီးနောက်တွင် တာလီဘန်တို့က ကျောက်မီးသွေးဈေးနှုန်းကို ၃၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်သည်။

ကမ္ဘာ့ဈေးကွက်များ၌ ကျောက်မီးသွေး ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ကျောက်မီးသွေးဈေးနှုန်းကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၀ မှ ဒေါ်လာ ၂၀၀ သို့ အာဖဂန် ဘဏ္ဍာရေးဝန်ကြီးဌာနက တိုးမြှင့်လိုက်ကြောင်း ပြည်တွင်း သတင်းများတွင် ဖော်ပြထားသည်။

ပါကစ္စတန်အနေဖြင့် တာလီဘန်တို့ အုပ်ချုပ်နေသည့် အာဖဂန်နစ္စတန်နိုင်ငံမှ ကျောက်မီးသွေးကို ဝယ်ယူတင်သွင်းခြင်းအားဖြင့် ဒေါ်လာ ၂ ဘီလီယံကျော် သက်သာစေလိမ့်မည် ဖြစ်ကြောင်း ရှာဘတ်ဇ် ရှာရစ်က ပြောသည်။

အာဖဂန်နစ္စတန်မှ အရည်အသွေးမြင့် ကျောက်မီးသွေးကို ဝယ်ယူတင်သွင်းခြင်းက တန်ဖိုးနည်း လျှပ်စစ်ကို ထုတ်လုပ်နိုင်မည် ဖြစ်ရုံသာမက ပါကစ္စတန်အတွက် အလွန်အရေးပါသည့် နိုင်ငံခြားငွေကြေးကို ထိန်းသိမ်းစောင့်ရှောက်နိုင်လိမ့်မည် ဖြစ်သည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ပြောထားကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။

ပါကစ္စတန်သည် ကြီးလေးသည့် ဘဏ္ဍာရေး အကျပ်အတည်းတစ်ခုနှင့် ကြုံတွေ့နေရ ရှိသည်။

နိုင်ငံတွင် ကုန်ကျစရိတ်နည်းပါးစွာဖြင့် လျှပ်စစ်ထုတ်မှုကို အထောက်အကူဖြစ်စေရေးအတွက် အာဖဂန်နစ္စတန်မှ အရည်အသွေးမြင့် ကျောက်မီးသွေးကို အမေရိကန်ဒေါ်လာအစား ပါကစ္စတန်ရူပီးငွေဖြင့် တင်သွင်းရန် ရှာဘတ်ဇ် ရှာရစ်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်းပြီး အချိန်တိုတိုနှင့် ခရီးရောက်မည့် စနစ်တစ်ခု ထူထောင်ဖန်တီးရန် ၎င်းက သက်ဆိုင်ရာ အာဏာပိုင်များကို ညွှန်ကြားထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကျောက်မီးသွေး ဈေးနှုန်း မြှင့်တင်ရခြင်း၏ ရည်ရွယ်ချက်က နိုင်ငံအတွက် ဝင်ငွေ ဖြစ်ထွန်းရရှိစေရန်နှင့် အခွန်အကောက် ပမာဏကို တိုးမြှင့်ရန် ဖြစ်ကြောင်း တာလီဘန်တို့က ပြောသည်။ အာဖဂန်နစ္စတန်သည် နိုင်ငံတကာအကူအညီ ခန်းခြောက်နေခြင်းကြောင့် စီးပွားရေး  ဝရုန်းသုန်းကားအခြေအနေတစ်ခုအောက် ကျရောက်ထားခဲ့သည်။

အစိုးရသည် ကျောက်မီးသွေး တင်ပို့မှုများအပေါ် အကောက်ခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ချမှတ်ထားသော အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် တာလီဘန်တို့သည် လက်ရှိအချိန်တွင် ဆက်လက်ရပ်တည်နိုင်ရန် အာဖဂန်၏ သဘာဝရင်းမြစ်များအပေါ် လုံးလုံးလျားလျား ပုံ၍ အားကိုး နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly