ရှင်ကျန်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၃ နှစ်မြောက်အဖြစ် ဝီဂါများအား အဓမ္မအလုပ်ခိုင်းစေမှုတားမြစ်ရန် ဩစတြေးလျတွင် ဆန္ဒပြ တောင်းဆို

ရှင်ကျန်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၃ နှစ်မြောက်အဖြစ် ဝီဂါများအား အဓမ္မအလုပ်ခိုင်းစေမှုတားမြစ်ရန် ဩစတြေးလျတွင် ဆန္ဒပြ တောင်းဆို

သြစတြေးလျ-ဝီဂါ တန်ဂရီတာအမျိုးသမီးများအဖွဲ့ (AUTWA) မှ အဖွဲ့ဝင်များသည် ဇူလိုင် ၅ ရက်က အက်ဒ်လိုက်မြို့ရှိ Rundle Mall ဈေးဝယ်စင်တာအပြင်ဘက်တွင် အူရမ်ကီမြို့အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (၁၃) နှစ်မြောက် အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ဆန္ဒပြခဲ့ကြပြီး တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှ ဝီဂါများ၏ အဓမ္မလုပ်အားဖြင့် ထုတ်လုပ်သည့် ကုန်ပစ္စည်းများ တင်သွင်းခြင်းကို တားမြစ်ရန် သြစတြေးလျအစိုးရကို တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများသည် Rundle Mall ရှိ ငွေရောင်ဘောလုံးရုပ်တုအနီး၌စုဝေးကြပြီး အဓိကရုဏ်းအတွင်း သေဆုံးသွားသူများ၏ ရုပ်ပုံများနှင့် စာတန်းများကို ကိုင်ဆောင်ကာ ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုကို အဆုံးသတ်ပေးနိုင်ရန်လည်း တိုက်တွန်းခဲ့သည်။

ရှင်ကျန်းဒေသမှ ဝီဂါများ၏ အဓမ္မလုပ်အားဖြင့် ပြုလုပ်သော သွင်းကုန်များတင်သွင်းမှုကို ကန့်သတ်နိုင်ရေး အတွက် ပြည်သူများက ဩစတြေးလျအစိုးရကို တောင်းဆိုသည့် ဆန္ဒမဲလက်မှတ်များကိုလည်း ကောက်ယူ ခဲ့ကြသည်။

“တရုတ်ကွန်မြူနစ်အစိုးရက ဝီဂါလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတာကြောင့် ကျွန်မတို့တွေ ဒီကိုရောက်လာတာပါ။ ၂၀၀၉ ခုနှစ် ဇူလိုင် ၅ ရက်က ဝီဂါ ၁၆ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

လူထောင်ပေါင်းများစွာက တရုတ်အစိုးရကို ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ တရုတ်အစိုးရက ဘယ်တုန်းကမှ အမှန်မပြောတဲ့အတွက် ဝီဂါ ၂ ဦးပဲသေဆုံးခဲ့တယ်လို့ ကျွန်မတို့ကို ယုံကြည်စေခဲ့တယ်။

အဲဒီနောက်ပိုင်း ရှီကျင့်ဖျင်နဲ့ လီခေ့ချန်လက်ထက် အရှေ့တာကစ္စတန်မှာ ဝီဂါတွေရဲ့ ဘဝနဲ့ သူတို့ရဲ့ လွတ်လပ်မှုဟာ နေ့တိုင်း တိုက်ခိုက်ခံနေရပါတယ်” ဟု AUTWA အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

တရုတ်အာဏာပိုင်များသည် အလုပ်သမားစခန်းများတွင် အဓမ္မအခိုင်းခံထားရသည့် ညှင်းပန်းနှိပ်စက်ခံ ဝီဂါများထံမှ ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုလည်း ယူကြကြောင်း AUTWA အဖွဲ့ဝင်တစ်ဦးက ပြောသည်။

၂၀၀၉ ခုနှစ် ဇူလိုင် ၅ ရက်က ရှင်ကျန်းမြို့တော် အူရမ်ကီတွင် ပြင်းထန်သော အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။ တရုတ်အစိုးရသည် ဝီဂါ ၂ ဦးသေဆုံးမှုအပေါ် ဆန္ဒပြကြသော ဝီဂါလူမျိုးများကို နှိမ်နင်းခဲ့သဖြင့် ဝီဂါထောင်ပေါင်းများစွာ သေဆုံးပြီး ပျောက်ဆုံး ဒဏ်ရာရသူများလည်း ရှိခဲ့သည်။

အဓိကရုဏ်းအတွင်း လူပေါင်း ၁၉၇ ဦးသေဆုံးပြီး ၁ ၇၂၁ ဦး ဒဏ်ရာရရှိကြောင်း တရားဝင်စာရင်းများက ဖော်ပြကြသည်။

တရုတ်အာဏာပိုင်များသည် အတင်းအဓမ္မအလုပ်ခိုင်းခြင်း၊ သားကြောဖြတ်ခိုင်းခြင်း၊ နှိပ်စက်ခြင်းနှင့် ကလေးများကို အကျဉ်းကျနေသော မိဘများနှင့် ခွဲထားခြင်းတို့ကို ကျူးလွန်ကြောင်း စွပ်စွဲခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required