ဘိုင်ဒင်က တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုကို ရုပ်သိမ်းဖွယ်ရှိ

ဘိုင်ဒင်က တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုကို ရုပ်သိမ်းဖွယ်ရှိ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ငွေကြေးဖောင်းပွမှုကို အားလျော့စေရန် ကြိုးပမ်းမှုအဖြစ် တရုတ်သွင်းကုန်အချို့အပေါ် အခွန်စည်းကြပ်မှု ရုပ်သိမ်းဖွယ်ရှိနေသည်။

ဘိုင်ဒင်အစိုးရအဖွဲ့သည် အစောပိုင်းက သမ္မတဟောင်း ဒေါ်နယ်ထရမ့်ချမှတ်ခဲ့သည့် တရုတ်သွင်းကုန်များအပေါ် စည်းကြပ်မှုအား ပြန်လည်သုံးသပ်မှုကို အပြီးသတ်လုပ်ဆောင်နေသည်ဟု New York Post သတင်းတွင် ဖော်ပြထားသည်။

အခွန်စည်းကြပ်မှုကို ဆက်လက်ထားစေလိုသော အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် အလုပ်သမား သမဂ္ဂများကို အစိုးရ၏ အပြီးသတ်ဆုံးဖြတ်ချက်မထုတ်ပြန်မီ ဇူလိုင် ၅ ရက် နောက်ဆုံးထား၍ သဘောထားမှတ်ချက်ပေးခိုင်းထားသည်။

ဘိုင်ဒင်သည် ၎င်း၏အကြီးတန်းလက်ထောက်များနှင့် အစိုးရအဖွဲ့အတွင်းဝန်များအကြား မူဝါဒ သဘောထား ကွဲလွဲမှုများကြောင့် အခွန်လျှော့ချရန် အစီအစဉ်များကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ကြောင်း Wall Street Journal ကို ကိုးကား၍ The New York Post က ဖော်ပြခဲ့သည်။

အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ကက်သရင်းတိုင်နှင့် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလီဗန်တို့သည် တရုတ်နိုင်ငံအပေါ် ဖိအားပေးသည့် လက်နက်အဖြစ် စည်းကြပ်ခွန်များဆက်ထားရှိရန် ထောက်ခံကြသည်။

စည်းကြပ်ခွန်များ ရုတ်သိမ်းခြင်းသည် ငွေကြေးဖောင်းပွမှု စံချိန်တင်မြင့်တက်မှုကြောင့် ယမန်နှစ်က သိသိသာသာ မြင့်တက်ခဲ့သော လူသုံးကုန်ပစ္စည်းများ၏ တန်ဖိုးကို လျှော့ချနိုင်လိမ့်မည်ဟု ဘိုင်ဒင်က မျှော်လင့်ထားကြောင်း New York Post က ဖော်ပြခဲ့သည်။

တရုတ်ကလည်း အမေရိကန်အနေဖြင့် သွင်းကုန်များအပေါ် အခွန်စည်းကြပ်မှု လျှော့ချသင့်ကြောင်း တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required