ရုရှ တက်ရောက်သော ဂျီ-၂၀ အစည်းအဝေး၌ ယူကရိန်းစစ် အဆုံးသတ်ရေး အင်ဒိုနီးရှား တိုက်တွန်း 

ရုရှ တက်ရောက်သော ဂျီ-၂၀ အစည်းအဝေး၌ ယူကရိန်းစစ် အဆုံးသတ်ရေး အင်ဒိုနီးရှား တိုက်တွန်း 
Photo - AFP

ဇူလိုင် ၈

ရုရှနိုင်ငံခြားရေးဝန်ကြီး တက်ရောက်သော ဂျီ-၂၀ အစည်းအဝေးကို ဦးဆောင်ကျင်းပသည့် အင်ဒိုနီးရှားနိုင်ငံက ယူကရိန်းစစ် အဆုံးသတ်ရေးအတွက် သောကြာနေ့တွင် တိုက်တွန်းပြောဆိုသည်။ 

“အနှေးနဲ့ အမြန်ဆိုသလို ဒီ စစ်ပွဲအဆုံးသတ်ရေးဟာ ကျွန်မတို့ရဲ့ တာဝန်ဖြစ်တယ်၊ ကွဲပြားခြားနားမှုတွေကို စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းမှာ ဖြေရှင်းရမှာ ဖြစ်တယ်”ဟု ဘာလီက ဂျီ-၂၀ အစည်းအဝေး အဖွင့်မိန့်ခွန်း၌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ပြောသည်။ 

COVID-19 ကနေ ကမ္ဘာက ပြန်လည်ထူထောင်တုန်း ရှိနေချိန်၌ နောက်ထပ်  အကျပ်အတည်းကို ထိပ်တိုက်တွေ့လာသည်က ယူကရိန်းစစ်ပါပဲဟုလည်း ၎င်းက ဆိုသည်။ 

“ဂယက်ရိုက် သက်ရောက်မှုကို ကမ္ဘာက ခံစားနေရပြီ ဖြစ်တယ်၊ အစားအစာ၊ စွမ်းအင်နဲ့ ဘဏ္ဍာရေးတွေမှာပါပဲ”ဟု ၎င်းက ပြောသည်။ 

“ထုံးစံအတိုင်းပဲ ဖွံ့ဖြိုးဆဲနဲ့ ဝင်ငွေနည်းနိုင်ငံတွေက ပိုပြီး ခံစားရတော့တာပဲ”ဟု ၎င်းက ထပ်လောင်းပြောသည်။ 

အမေရိကန်နှင့် မိတ်ဖက်ဆက်ဆံရေး ရှိသော်လည်း မစွက်ဖက်ရေးလှုပ်ရှားမှုကို ထူထောင်သည့် အင်ဒိုနီးရှားသည် အနောက်အုပ်စု၏ ရုရှအား နိုင်ငံရေးနှင့် စီးပွားရေးတွင် အထီးကျန်ဖြစ်ရေး လုပ်ဆောင်မှု၌ ပါဝင်ခြင်း မရှိဘဲ စစ်ပွဲအဆုံးသတ်ရေးကို ယခင်ကလည်း တိုက်တွန်းပြောဆိုထားသည်။ 

ယခု ဂျီ-၂၀ အစည်းအဝေးအား ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်ကို အင်ဒိုနီးရှားနိုင်၍ံက တက်ရောက်ခွင့်ပြုခဲ့ပြီး ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကိုလည်း ဖိတ်ကြားထားကာ ၎င်းက အွန်လိုင်းမှ တက်ရောက်မည် ဖြစ်သည်။ 

ရုရှနိုင်ငံခြားရေးဝန်ကြီးနှင့် သီးခြားတွေ့ဆုံ ပြောဆိုရန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ငြင်းဆိုခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောသည်။ 

ဇန်နဝါရီလအတွင်း ဂျီနီဗာ၌ နောက်ဆုံးတွေ့ဆုံတွင် ဘလင့်ကင်က ယူကရိန်းအား ကျူးကျော်ခဲ့လျှင် ကြီးမားသော နောက်ဆက်တွဲများ ကြုံကြိုက်ရမည်ဟု ရုရှအား သတိပေးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required