အာဏာသိမ်းစစ်ကောင်စီက မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေးစေတီ တည်နေ

အာဏာသိမ်းစစ်ကောင်စီက မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေးစေတီ တည်နေ

ဇူလိုင် ၈

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီ တည်နေကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များက ဆိုကြသည်။

မြစ်ကြီးနားမြို့၏ မြို့ပေါ်ရပ်ကွက်ဖြစ်သည့် ရှမ်းစုမြောက်ရပ်ကွက်က ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် အနောက်ဘက်ရှိ ဧရာဝတီမြစ်ကမ်းဘေးမှာ အဆိုပါ ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီကို တည်နေခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်မိသားစုအပြင် စစ်တပ်အသိုင်းအဝိုင်း၏ ယတြာအစီအမံများပါဝင်သည့် အဆိုပါ ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီကို မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်ဆရာတော် ဦးကေတုမာလက ဦးဆောင်ကာ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက တည်နေခြင်းဖြစ်သည်။

“ဟုတ်တယ်ဗျ။ ငြိမ်းချမ်းရေးစေတီဆိုပြီးတော့ တည်ဆောက်နေတာပါ။ ကြေညာထားတာက စွယ်တော်တိုက်စေတီလို့ ပြောထားတာ။ တကယ်က ငြိမ်းချမ်းရေးစေတီကို တည်ဆောက်နေတာဗျ။ သူတို့လူကြီးတွေပဲ စီမံတာဆိုတော့ အစီအမံတွေက ဘယ်လောက်ထိပါတယ်ဆိုတာတော့ ကျနော်တို့လည်း မပြောနိုင်ဘူး" ဟု ဘုရားတည်မှုနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီ၏ ပန္နက်တော်တင် တွင်းတော်ဝန်း ရတနာအုတ်မြစ်စီ မင်္ဂလာအခမ်းအနားကို ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က ဘုရားကြီးတည်ဆောက်မည့်နေရာတွင် ပြုလုပ်ခဲ့ပြီး၊ ၎င်းအခမ်းအနားသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူးမြသက်ဦးနဲ့ဇနီးအပြင် ကချင်ပြည် နယ်စီမံအုပ်ချုပ်ရေးကောင်စီ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးတို့ တက်ရောက်ခဲ့ကြသေးသည်။

ထိုငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီ၏ ပင်မအလှူရှင်များထဲတွင် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်အပြင် အခြားစစ်တပ်ခေါင်းဆောင်အချို့လည်း ပါဝင်နေကြောင်း သတင်းရင်းမြစ်များက ဆိုကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုဘုရားကြီး တည်ဆောက်နေမှုနှင့်ပက်သက်ပြီး မြစ်ကြီးနားမြို့ ဝန်းသိုကျောက်တိုက်ဆရာတော် ဦးကေတုမာလကို ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ခက်ခဲမှုရှိနေဆဲ ဖြစ်သည်။

ဝန်းသိုကျောင်းတိုက်သည် စစ်တပ်အသိုင်းအဝိုင်းက အထူးယုံကြည်အားကိုးသည့် ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်ပြီး၊ စစ်တပ်အသိုင်းအဝိုင်း၏ သိမ်ကျောင်းဆောင်လိုမျိုးကအစ စဥ်ဆက်မပြတ်လှူဒါန်းနေသည့် ကျောင်းတိုက်ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ကို လာရောက်ခဲ့သည့် ပထမဆုံးခရီးစဥ်အတွင်းမှာလည်း ယခုငြိမ်းချမ်းရေး ဓာတ်တော်တိုက်စေတီတည်ဆောက်မှုကို ဦးဆောင်နေသည့် ဆရာတော်နှင့်လည်း တွေ့ဆုံမှုပြုလုပ်ခဲ့သေးသည်။

ဓာတ်ပုံ - မြစ်ကြီးနားမြို့တွင် တည်နေသည့် ငြိမ်းချမ်းရေးစေတီ ပုံကြမ်း

#mizzima

#အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်

#ဝန်းသိုကျောင်းတိုက်

#မြစ်ကြီးနားမြို့

#စေတီတည်ဆောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required