မီဒီယာတွေ ပင်းတယ်လား

မီဒီယာတွေ ပင်းတယ်လား

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ တောင်ပြိုကမ်းပြို နိုင်လိုက်သည်ကို မီဒီယာများ ပင်းသောကြောင့်ဟု အစိုးရအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲတွင် အနိုင်မရသော ပါတီများနှင့် ထင်သလောက် မနိုင်ခဲ့သော နိုင်ငံရေးပါတီများက မသိမသာမှသည် သိသိသာသာအထိ မီဒီယာများ ကို ယိုးစွပ်ကြသည်။ တချို့က မညာပါနဲ့၊ အထောက်အထားများနှင့်ပင် သက်သေသက္ကာယ ပြနိုင် သည်ဟု ပြောကြသည်။

အရှုံးကြီး ရှုံးသူများနှင့် အရှုံးသေး ရှုံးသူများက ထိုသို့ယိုးစွပ်သော်လည်း မကျေနပ်မှုနှင့် စိတ်ခံ စားမှုပါသော ယိုးစွပ်မှုသာဖြစ်ပြီး တိတိကျကျ ပြောဆိုနိုင်ခြင်း မရှိပါ၊ ဥပမာအားဖြင့် အစိုးရသတင်းစာ ကို ပြောလိုသည်လား၊ ပုဂ္ဂလိက သတင်းစာများကို ပြောလိုသည်လား၊ ပုဂ္ဂလိက သတင်းဂျာနယ်များ ကို ပြောလိုသည်လား၊ သို့တည်းမဟုတ် အစိုးရရေဒီယိုနှင့် အစိုးရ ရုပ်မြင်သံကြားတို့ကို ပြောလိုသည် လား၊ သို့တည်းမဟုတ် အစိုးရတပိုင်း ရုပ်သံဌာနများကို ပြောလိုသည်လား စသည်ဖြင့် မည်သည့်မီဒီ ယာကို ပြောလိုသည်ကို တိတိကျကျ၊ ထင်ထင်ရှားရှားနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုကြခြင်း မရှိပါ။

ကိန်းဂဏန်းများဖြင့် တွက်စစ်သော် နေ့စဉ်ထုတ် အစိုးရသတင်းစာများသည် စောင်ရေ သိန်းချီ ရှိပြီး၊ မြန်မာနိုင်ငံ တစ်နံတလျားသို့ အချိန်တိုအတွင်း ဖြန့်ဖြူး ရောက်ရှိလေသည်။ အစိုးရသတင်းစာ များတွင် အစိုးရ အဖွဲ့ခေါင်းဆောင်နှင့် ပါတီတာဝန် မထမ်းဆောင်ရသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သတင်းများနှင့် လှုပ်ရှားမှုများကို သတင်းစာမျက်နှာဖုံးတွင် ဝေဝေဆာဆာ ဖော်ပြပြီး ၎င်းတို့ တိုင်းပြည်နှင့် ပြည်သူများအတွက် မည်မျှ အလုပ်လုပ်ပုံကို ဝါဒဖြန့် စည်းရုံး လှုံ့ဆော် ခဲ့သော်လည်း ယင်းအာဏာရပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ခွက်ခွက်လန်အောင် ရှုံးနိမ့်သွား သည်မှာ ပြည်သူများအားလုံး လက်တွေ့ မျက်တွေ့ပင် ဖြစ်သည်။

အစိုးရသတင်းစာများ၏ စောင်ရေအောက် ထက်ဝက်၊ သုံးပုံတစ်ပုံ၊ လေးပုံတစ်ပုံမျှပင် မရှိ သော ပုဂ္ဂလိက သတင်းစာတိုင်းသည်လည်း အင်န်အယ်လ်ဒီ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည် သတင်းချည်း နေ့စဉ်နေ့တိုင်း ဖော်ပြခဲ့သည် မဟုတ်ပါ၊ သို့တည်းမဟုတ် ပုဂ္ဂလိက သတင်းစာများ၏ စောင်ရေ စုစုပေါင်းလျှင်ပင် အစိုးရသတင်းစာများ၏ စောင်ရေအောက်၌သာ ရောက်နေသေးသည် ဖြစ်ရာ ပျံ့နှံ့မှုအားခြင်းမှာ လုံးဝ မယှဉ်သာပါ။ ပုဂ္ဂလိက သတင်းစာတချို့သည် အင်န်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ၍ မဲပေးကြရန် ပွင့်ပွင့်လင်းလင်း စည်းရုံး ရေးသားခဲ့သော်လည်း ထိုသို့ ပြုလုပ်ခြင်းသက်သက်ကြောင့် အင်န်အယ်လ်ဒီ တောင်ပြိုကမ်းပြို နိုင်ခဲ့ခြင်းဖြစ်သည်ဟု တစ်ထစ်ချ ကောက်ချက်ချရန်မှာလည်း သက်သေသက္ကာယ မခိုင်လုံလှပါ။

အထူးအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီပင်လျှင် သတင်းမီဒီယာများကို ကောင်းစွာ အသုံးချနိုင်ခြင်း မရှိပါ။ ယနေ့ထက်တိုင်လည်း မရှိသေးဘဲ ဒေါ်အောင်ဆန်းစုကြည်က အခက်အခဲတချို့ ရှိလာမှသာ သူနှင့်ရင်းနှီးသူ သတင်းမီဒီယာသမားတချို့ကို တွေ့ဆုံခြင်း၊ ဆွေးနွေး ခြင်းဖြင့် နည်းလမ်းများ မေးစမ်းနေဆဲအဆင့် ဖြစ်ပါသည်။ ဖြစ်သင့်သည်မှာ အတိုက်အခံပါတီကြီး အဖြစ်မှသည် မကြာမီရက်ပိုင်းအတွင်း အစိုးရဖြစ်လာတော့မည့် အင်န်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစု ကြည်သည် မီဒီယာလုပ်ငန်းနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်း၌ ကျွမ်းကျင်သူများကို ကောင်းစွာ ငှားရမ်း အသုံးပြုသင့်ပြီ ဖြစ်ပါသည်။ မီဒီယာကို ကောင်းစွာ မသုံးနိုင်ခဲ့သော် လူထုနှင့် ကင်းကွာသွား မည် ဖြစ်သည်။

အမှန်က သတင်းစာ၊ သတင်းဂျာနယ်၊ သတင်းအွန်လိုင်း၊ သတင်း မိုဘိုင်းလ်တယ်လီဖုန်း၊ သတင်းရေဒီယိုနှင့် သတင်းရုပ်မြင်သံကြား စသည့် သတင်းမီဒီယာများသည် ၎င်းတို့၏ ဆုံးဖြတ် ချက်ဖြင့် တိုင်းပြည်နှင့် လူထုအကျိုးအတွက် မှန်မည်ထင်ရာများကို လုပ်ကိုင်ခဲ့ခြင်းသာ ဖြစ်သည်။ ဈေးကွက်အတွင်း ၎င်းတို့အနေနှင့် တင်ကျန် ရှင်သန် ရပ်တည်ရေးအတွက် လုပ်ဆောင်မှုများ ပါဝင်နိုင်ကောင်းသော်လည်း သတင်းစားသုံးသူ၊ သတင်းစာဖတ်သူ၊ သတင်းနားထောင် ကြည့်ရှု သူများသည် နိုင်ငံရေးတုံးအသူများ မဟုတ်ကြပါ၊ နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်များအောက်တွင် ပိပြား ငြိမ်ဝပ်စွာ နေခဲ့ရသူများဖြစ်ပြီး လူဆိုး/လူကောင်းနှင့် သူခိုး/သူတော်ကောင်း ကောင်းစွာ ခွဲခြား သိရှိကြပါသည်။

ယုတ်စွအဆုံး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး သတင်းမီဒီယာသမားများကို အသိအမှတ် ပြု တွေ့ဆုံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တောင်ပြို ကမ်းပြို နိုင်ပြီးနောက် မကြာမီရက်ပိုင်းအတွင်း အစိုးရဖြစ်တော့မည့် ကာလတွင်ပင် မီဒီယာသမားများကို ချီးပ ခြင်း၊ ဂုဏ်ပြုခြင်း အလေးဂရုပြုခြင်း မရှိသည့်အပြင် လက်ရှိလွှတ်တော်တွင်း သတင်းသမားအတွက် မည်သို့သော အကန့်အသတ်၊ အတားအဆီးနှင့် အငြိုအငြင်များ ခံစားနေရသည်ကို လက်တွေ့မျက် တွေ့ မြင်သာပါသည်။ ဒေါ်အောင်ဆန်းစုကြည်က သူ့စိတ်ထားအတိုင်း နယ်ပယ်တစ်ခုတွင် အသက် မွေးဝမ်းကျောင်းသူများကို ကိုယ်တိုင်ရွေးချယ်မှုများဟုသာ ထင်မြင်ပုံရပြီး၊ အရေးတယူ ပစားပေးခြင်း၊ ဂုဏ်တင်ခြင်း၊ ချီးကျူးခြင်းကို လုပ်မည့်ပုံ မမြင်ပါ၊ လုပ်စရာလည်း မရှိပါ။ မဇ္ဈိမသည် မှန်သည်ထင်ရာ ကို အစဉ်တစိုက် ပြောဆို ရေးသားနေသည်ဖြစ်ရာ မီဒီယာများ ပင်းသည်ဆိုသည့် စွပ်စွဲချက်ကို မယုံကြည်ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly