ဒွန်ဘတ်စ်ဒေသကို ရုရှက ထိုးစစ်ဆင်လာ၍ ပြည်သူများ ဘေးလွတ်ရာ ရွှေ့ပြောင်း 

ဒွန်ဘတ်စ်ဒေသကို ရုရှက ထိုးစစ်ဆင်လာ၍ ပြည်သူများ ဘေးလွတ်ရာ ရွှေ့ပြောင်း 
Photo - AFP

ဇူလိုင် ၇

ဒွန်ဘတ်စ်ဒေသအား ထိန်းချုပ်နိုင်ရေး စစ်ဆင်မှုအတွင်း ရုရှတပ်များသည် ယူကရိန်းအရှေ့ပိုင်းက စလိုဗီယန်းစကီမြို့အား ထိုးစစ်ဆင်လာသဖြင့် ယင်းမြို့မှ စိုးရွံ့ကြောက်လန့်နေကြသော အရပ်သားများသည် ဗုဒ္ဓဟူးနေ့တွင် ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရသည်။ 

ကျူးကျော်မှု ၁၃၃ ရက်မြောက်၌ ရုရှတပ်များက အနောက်ဘက်သို့ ထိုးစစ်ဆင်ရာ စလိုဗီယန်းစကီမြို့မှာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုများ ကြုံနေရသည်။ 

“နှစ်နှစ်ကျော် အလုပ်လုပ်ကိုင် ရှာဖွေခဲ့ရတာပါ၊ အားလုံး ဆုံးရှုံးရပါတယ်၊ ဝင်ငွေလည်း မရှိ၊ ပိုင်ဆိုင်မှုလည်း မရှိတော့ပါဘူး”ဟု အသက် ၆၆ နှစ်အရွယ် အိုလက်ဆန်ဒရိုဗစ်ရှ်က အေအက်ဖ်ပီသို့ ပြောသည်။ ၎င်း၏ ကားပစ္စည်း အရောင်းဆိုင်မှာ အင်္ဂါနေ့က တိုက်ခိုက်မှုအတွင်း ပျက်စီးခဲ့ရခြင်း ဖြစ်သည်။ 

စလိုဗီယန်းစကီမြို့က ဈေးနေရာနှင့် ပတ်လည်လမ်းများသို့ ဒုံးကျည်များ ကျရောက်ထိမှန်ပြီး မီးလောင်ကျွမ်းမှုများကို မီးသတ်သမားများက အလုအယက် ငြှိမ်းသတ်နေရသည်ကို အေအက်ဖ်ပီသတင်းထောက်များက မြင်တွေ့ခဲ့ရသည်။ 

ဈေး၏ သုံးပုံတစ်ပုံသည် ပျက်စီးသွားရပုံရှိပြီး အပျက်အစီးများကြားတွင် ဒေသခံများက ရှာဖွေခြင်းများ ပြုလုပ်နေသည်ကိုလည်း တွေ့ရှိရသည်။ 

မပျက်စီးသည့် ဈေးအပိုင်းကို ဆက်လက်ဖွင့်ထားပြီး ဈေးဝယ်သူများက သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို ဝယ်ယူကြသည်။ 

“ကျွန်တော်ဆိုင်ကို ပြန်ရောင်းတော့မယ်၊ ကျွန်တော်တို့ အိမ်မှာပဲ နေတော့မယ်၊ ကျွန်တော်တို့မှာ မြေအောက်ခန်းရှိတယ်၊ အဲဒီမှာပဲ ပုန်းနေတော့မယ်”ဟု အသက် ၇၂ နှစ်အရွယ် ကုန်စိမ်းသည်တစ်ဦးက ပြောသည်။ 

“ကျွန်တော်တို့ ဘာတတ်နိုင်မှာလဲ၊ ဘယ်မှ သွားစရာလည်း မရှိဘူးလေ”ဟု ၎င်းက ပြောသည်။ 

စလိုဗီယန်းစကီမြို့က လူဦးရေ ၁၁၀,၀၀၀ တွင် ၂၃,၀၀၀ နီးပါးက မြို့မှာပင် နေနေဆဲဖြစ်သည်ဟု မြို့တော်ဝန် ဗာဒိုင်မာ လိုင်ယက်ရှ်က ပြောသော်လည်း ရုရှက မြို့ကို မဝိုင်းရံနိုင်သေးကြောင်း အတည်ပြုဆိုသည်။ 

“ရန်လိုတိုက်ခိုက်မှုတွေ စတင်ကတည်းက ဒေသခံ ၁၇ ဦး သေဆုံးပြီး ၆၇ ဦး ထိခိုက်ဒဏ်ရာရပါတယ်”ဟု ၎င်းက ပြောသည်။ 

“ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေတယ်၊ ကျွန်တော်တို့ နေ့တိုင်း လူတွေကို ပို့ပေးနေရတယ်၊ အနောက်ဘက်ပိုကျတဲ့ နီပရိုမြို့ဆီ ရွှေ့ပြောင်းသူ တော်တော်များများကို ဘတ်စ်ကားနဲ့ ပို့ဆောင်ပေးနေရတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly