တရုတ်သည် အခြားနိုင်ငံများနှင့်မတူသော စောင့်ကြည့်ရေးနိုင်ငံဖြစ်

By Latestly
05 July 2022
တရုတ်သည် အခြားနိုင်ငံများနှင့်မတူသော စောင့်ကြည့်ရေးနိုင်ငံဖြစ်

ကမ္ဘာပေါ်တွင် သမားရိုးကျနှင့် ခေတ်သစ်မီဒီယာများ ဆင့်ကဲပြောင်းလဲလာသည့်ဖြစ်စဉ်အတွင်း အာဏာရှင်အစိုးရအများအပြားသည် ဒစ်ဂျစ်တယ်နည်းပညာကို ပိုင်စိုးသူများဟု ခေါ်သည့် အင်တာနက်အသုံးပြုသူများကို ထိန်းချုပ်ရန် မူဝါဒရေးရာလက်နက်တစ်မျိုးကို တီထွင်လာကြသည်။

တရုတ်သည် စောင့်ကြည့်မှုနှင့်ဆင်ဆာဖြတ်မှုဆိုင်ရာ မူဝါဒများတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်မှာ အထူးအဆန်းမဟုတ်ပေ။ မကြာသေးမီက တရုတ်လူမှုမီဒီယာနှင့်ပတ်သက်သော မူဝါဒအပြောင်းအလဲများသည် တရုတ်က ဒစ်ဂျစ်တယ်နယ်ပယ်အား တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားပုံကို ဖော်ပြနေသည်။

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးအခွင့်အရေးများနှင့် ပြည်သူ့လွတ်လပ်မှုအခြေအနေများကို အကဲဖြတ်ဖြတ်ချက်အရ တရုတ်၏ အာဏာရှင်ဆန်သောအစိုးရသည် မကြာသေးမီနှစ်များအတွင်း ပိုမိုဖိနှိပ်လာကြောင်း Freedom House သုတေသနအဖွဲ့က ပြောသည်။

လက်ရှိအာဏာရ တရုတ်လူမှုမီဒီယာ (CCP) သည် နိုင်ငံတော် ဗျူရိုကရေစီ၊ မီဒီယာ၊ အွန်လိုင်းမှ ရေးသားပြောဆိုချက်များ ၊ ဘာသာရေးအလေ့အထများ၊ တက္ကသိုလ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ အပါအဝင် ဘဝနှင့် အုပ်ချုပ်မှုကဏ္ဍအားလုံးကို ဆက်လက် တင်းကျပ်ထားကာ ၎င်းသည် ယခင်က တရားဥပဒေစိုးမိုးရေး ပြုပြင်ပြောင်းလဲမှုများစွာကို ပျက်ပြားစေခဲ့ကြောင်း လွတ်လပ်မှုညွှန်းကိန်းအစီရင်ခံစာက ဖော်ပြသည်။

“CCP ခေါင်းဆောင်နဲ သမ္မတဖြစ်တဲ့ ရှီကျင့်ဖျင်မှာ တရုတ်နိုင်ငံမှာ ဆယ်စုနှစ်များစွာကြာအောင် မတွေ့မြင်ဖူးတဲ့ ခိုင်မြဲတဲ့အာဏာ အတိုင်းအတာတစ်ခုအထိ ရှိပါတယ်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ရှေ့နေတွေက ပုဂ္ဂိုလ်ရေးရာထိခိုက်မှုတွေ ရှိပေမယ့် ဆက်လက်အသံပြုနေဆဲပါ” ဟု အစီရင်ခံစာက ဆိုသည်။

၂၀၂၁ ခုနှစ်တွင် သတင်းဖြန့်ဝေခြင်းဆိုင်ရာကန့်သတ်ချက်များကိုတင်းကျပ်သည့် စီမံချက်များအပါအဝင် မီဒီယာနှင့် အင်တာနက်ကို ထိန်းချုပ်သော စည်းမျည်းသစ်များစွာသည် တစ်နှစ်အတွင်း အသက်ဝင်လာခဲ့ပြီး လူနည်းစုတိုင်းရင်းသားအုပ်စုများအသုံးပြုသော ဖုန်းအက်ပလီကေးရှင်းများကို တားမြစ်လာခဲ့သည်။

ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ၏ အဆိုအရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ တရုတ်နိုင်ငံတွင် သတင်းထောက်ပေါင်း ၅၀ ခန့် အကျဉ်းကျခဲ့သည်။ သို့သော် အရေးပါသော သတင်းအချက်အလက်များကို ထုတ်ဖော်မှု သို့မဟုတ် မျှဝေမှုအတွက် အမှန်တကယ်ထိန်းသိမ်းခံရသော အရေအတွက်မှာ ပိုမိုများပြားနိုင်သည်။

နိုင်ငံသားများသည် အကြောင်းအရာအမျိုးမျိုးအပေါ် ဝေဖန်သော သို့မဟုတ် လှောင်ပြောင်သရော်သော လူမှုမီဒီယာပို့စ်များတင်မှုအတွက် တရားစွဲခံနေရကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရသည်။

Freedom House ၏ အစီရင်ခံစာအရ နိုင်ငံသားများ၏ ဘဝနှင့် ဆက်သွယ်ရေးအပေါ် အစိုးရ၏ စောင့်ကြည့်နိုင်မှုသည် မကြာသေးမီနှစ်များအတွင်း သိသိသာသာ တိုးတက်လာခဲ့ကာ အွန်လိုင်းပေါ်နှင့် အပြင်လောကတွင်ပါ စကားပြောဆိုမှုများကိုပါ တားမြစ်ကန့်သတ်လာသည်။

မျက်နှာသွင်ပြင်ဖတ်သည့်စနစ်ပါထည့်သွင်းထားသော စောင့်ကြည့်ကင်မရာများကို မြို့ပြဧရိယာများစွာနှင့် အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်များတွင် တပ်ဆင်ထားပြီး ကွန်ရက်များကို ကျေးလက်ဒေသများအထိပါ တိုးချဲ့လာသည်။ ရှင်ကျန်းတွင် စတင်အသုံးပြုခဲ့သည့် စမတ်ဖုန်းများမှ အချက်အလက်များကို အလျင်အမြန် ရယူရန်နှင့် စကင်န်ဖတ်ရန် ရဲတပ်ဖွဲ့မှ အသုံးပြုသည့် စက်ပစ္စည်းများသည် နိုင်ငံတစ်ဝန်းတွင် တပ်ဆင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly