ယူကရိန်းနိုင်ငံ ပြန်လည်ထူထောင်ရေး ဒေါ်လာ ၇၅၀ ဘီလီယံ လိုအပ်မည်ဟု ခန့်မှန်း

ယူကရိန်းနိုင်ငံ ပြန်လည်ထူထောင်ရေး ဒေါ်လာ ၇၅၀ ဘီလီယံ လိုအပ်မည်ဟု ခန့်မှန်း
Photo - AFP

ဇူလိုင် ၅

စစ်ဒဏ်သင့် ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၇၅၀ ဘီလီယံမျှ လိုအပ်လိမ့်မည်ဟု ယူကရိန်းအစိုးရက ဇူလိုင် ၄ ရက်တွင် နိုင်ငံတကာ ကွန်းဖရင့်တစ်ခု၌ ပြောကြားသည်။

ယူကရိန်းနိုင်ငံ ပြန်လည်ထူထောင်ရေးက ဒီမိုကရက်တစ် ကမ္ဘာ၏ အတူမျှဝေကျခံရမည့် တာဝန်ဖြစ်သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသည်။

ဆွစ်ဇာလန်၌ ကျင်းပခဲ့သည့် ယူကရိန်း ပြန်လည်ထူထောင်ရေး ကွန်းဖရင့်၌ ယူကရိန်းသမ္မတနှင့် အစိုးရဝန်ကြီးများက ပြောကြားရာတွင် ဖေဖေါ်ဝါရီ ၂၄ ရက် ရုရှ ကျူးကျော်မှုနောက်ပိုင်း ယူကရိန်း၏ ကြီးမားသည့် ထိခိုက်ပျက်စီးမှုများနှင့် များပြားသည့် လိုအပ်မှုများကို ထုတ်ဖော်ခဲ့ကြသည်။

“ယူကရိန်း ပြန်လည်တည်ဆောက်ရေးက နိုင်ငံတစ်နိုင်ငံတည်းရဲ့ ပြည်တွင်းတာဝန်တစ်ခု မဟုတ်ပါဘူး” ဟု ဇယ်လန်စကီးက ဗီဒီယိုမက်ဆေ့ချ်မှတစ်ဆင့် ပြောသည်။

“အဲဒါက ဒီမိုကရက်တစ်ကမ္ဘာတစ်ခုလုံးရဲ့ ဘုံ လုပ်ငန်းတာဝန်တစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ “ယူကရိန်း ပြန်လည်တည်ဆောက်ရေးက ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးကို အားပေးပံ့ပိုးမှုအတွက် အကြီးမားဆုံး ထည့်ဝင်ဆောင်ရွက်မှုဖြစ်ပါတယ်”

ပြန်လည်ထူထောင်ရေး အစီအစဉ်အတွက် ဒေါ်လာ ၇၅၀ ဘီလီယံ လိုအပ်လိမ့်မည်ဟု ခန့်မှန်းထားပြီး ဖြစ်ကြောင်း ယူကရိန်း ဝန်ကြီးချုပ် ဒန်းနစ် ရှင်ယယ်က ကွန်းဖရင့်ကို ပြောသည်။

“ပြန်လည်ထူထောင်ရေးအတွက် အဓိက ရင်းမြစ်က ရုရှနဲ့ ရုရှသူဌေးကြီးတွေရဲ့ သိမ်းယူခံထားရတဲ့ အဖိုးတန်ပိုင်ဆိုင်မှုတွေ ဖြစ်သင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။ “ရုရှ အာဏာပိုင်တွေဟာ ဒီသွေးထွက်သံယို များတဲ့ စစ်ပွဲကို ဖြစ်ပေါ်စေခဲ့တာပါ။ သူတို့ကြောင့် ဒီလို အလွန်ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအတွက် သူတို့ တာဝန်ခံရသင့်ပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required