အမေရိကန်တွင် လွတ်လပ်ရေးနေ့ စီတန်းလှည့်လည်ပွဲအား ပစ်ခတ်မှုဖြစ်၍ လူ ၆ ဦး သေဆုံး 

အမေရိကန်တွင် လွတ်လပ်ရေးနေ့ စီတန်းလှည့်လည်ပွဲအား ပစ်ခတ်မှုဖြစ်၍ လူ ၆ ဦး သေဆုံး 
Photo - AFP

ဇူလိုင် ၅

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ ဆင်ခြေဖုံးက လူချမ်းသာရပ်ကွက်တွင် လွတ်လပ်ရေးနေ့ စီတန်းလှည့်လည်ပွဲကို ပစ်ခတ်မှုဖြစ်၍ လူ ခြောက်ဦး သေဆုံးပြီးနောက်တွင် သံသယရှိသူတစ်ဦးကို ရဲက ဖမ်းဆီးခဲ့သည်။ 

ယင်း လူအစုလိုက် ပစ်ခတ်မှုသည် နိုင်ငံ၏ မျိုးချစ်စိတ်ကို ဖော်ကျူးကျော်သော အားလပ်ရက်အပေါ် အရိပ်မည်း ဖုံးလွှမ်းသွားစေသည်။ 

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အသက် ၂၂ နှစ်အရွယ် ရော်ဘတ် ခရီမိုဆိုသူကို “ပါဝင်ပတ်သက်သူ” အဖြစ် ကောက်ချက်ချကာ အီလီနွိုက်ပြည်နယ် ဟိုက်လန်းပတ်ခ်မြို့အနှံ့ အင်အားအများအပြားဖြင့် လိုက်လံ ရှာဖွေခဲ့ခြင်း ဖြစ်သည်။ 

ဇူလိုင် ၄ ရက် စီတန်းလှည့်လည်ပွဲသည် ခေါင်မိုးတစ်ခုပေါ်မှ ပြင်းအားမြင့် ရိုက်ဖယ်ဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးခြင်းနှင့် စိတ်မချမ်းမြေ့ဖွယ် ဖြစ်ရပ်သို့ ပြောင်းလဲခဲ့ရသည်။ 

စီတန်းလှည့်လည်လာသော လူအုပ်ကို ပစ်ခတ်၍ အသက်လု၍ ထွက်ပြေးကြရ၍ စိတ်မချမ်းမြေ့ဖွယ် ဝရုန်းသုန်းကားအခြေအနေ ဖြစ်ပေါ်ခဲ့ရသည်။ 

ကလေးငယ်များအပါအဝင် လူ နှစ်ဒါဇင်နီးပါးကို သေနတ်မှန်သည့် ဒဏ်ရာကြောင့် ကုသပေးနေရပြီး အချို့မှာ စိုးရိမ်ဖွယ် အခြေအနေရှိသည်ဟု အရေးပေါ်ဌာန တာဝန်ရှိသူများက ပြောကြသည်။ 

ကားဖြင့် လိုက်လံဖမ်းဆီးခဲ့ပြီးနောက်တွင် ခရီမိုဆိုသူကို အသာတကြည် ဖမ်းဆီးထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဟိုက်လန်းပတ်ခ် ရဲအကြီးအကဲ ဂျော့မန်းက သတင်းထောက်များအား ပြောသည်။ 

အစောပိုင်းကတည်းက ခရီမိုတွင် လက်နက်များရှိပြီး “အလွန်အန္တရာယ် များကြောင်း” ရဲတပ်ဖွဲ့က သတိထားထားခြင်း ဖြစ်သည်။ 

ယခု ပစ်ခတ်မှုသည် အမေရိကန်နိုင်ငံ၌ ကြုံနေရသော လက်နက်ကိုင်အကြမ်းဖက်မှုများမှ တစ်ခုပဲ ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် သေနတ်ပစ်ခတ်မှုများကြောင့် နှစ်စဉ် လူ ၄,၀၀၀ ခန့် သေဆုံးရကြောင်း Gun Violence Archive ဝက်ဘ်ဆိုက်အရ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly