မင်းဘူးတွင် ဆရာတော်ကြီးများ၏ ရုပ်ကလာပ်တော်များအား လုံခြုံရေးအထူးတင်းကြပ်

မင်းဘူးတွင် ဆရာတော်ကြီးများ၏ ရုပ်ကလာပ်တော်များအား လုံခြုံရေးအထူးတင်းကြပ်

မင်းဘူး   ၊ ဖေဖော်ဝါရီ   ၁၁ ။            ။ နှစ်ပေါင်းများစွာ မပုပ်မသိုးသည့် ဆရာတော်ကြီးများ၏ ဥတုရုပ်ကလာပ်တော်များကို မသမာသူများ ကခိုးယူမှုများရှိနေ၍ မင်းဘူး-စကုမြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် ရုပ်ကလာပ်တော်အား လုံခြုံရေးအနေအထား ပိုမိုတင်းကြပ်ထားရကြောင်း သိရသည်။

ရွှေစက်တော်သွားလမ်းပိုင်းနားက ဆင်ခေါင်းကျေးရွာ၊ကန်ဆွယ်ကျောင်းတွင် ၇ နှစ် တိုင်တိုင် ပူဇော်ထားသည့်  ဆရာတော်ကြီး ဦးဣန္ဒောဘာသ၏ဥတုရုပ်ကလာပ်တော်စံကျောင်းအား လုံခြုံရေးအနေအထားအရ သံပန်းသံတံခါးများကို သော့(၃)လုံးခတ်၍ ကျောင်းတိုင် ဆရာတော်အပါအဝင် ကိုရင်လေးများနှင့်ကျေးရွာသားများက ညအခါများတွင် အထူးသတိထား   စောင့်ရှောက် နေကြောင်း ကျေးရွာဒေသခံများ၏ ပြောပြချက်အရ သိရသည်။

" သူတို့က ဟိုးတုန်းကသမိုင်းဒဏ္ဍာရီထဲမှာ ဇော်ဂျီဖိုဝင်သားစားရင် စွမ်းတယ်ဆိုပြီး၊တလွဲ အသုံးပြုသလား၊တရုတ်ကို ရောင်းစားသလား မပြောတတ်ဘူး။" ဟု ရုပ်ကလာပ်တော်ကို   စောင့်ရှောက်ပေးနေသည့် ဆင်ခေါင်းကျေးရွာနေ ဦးပုရီက ပြော သည်။

ဆင်ခေါင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးသန့်ဇော်ကလည်း ဆရာတော်ကြီးရုပ်ကလာပ်တော် လုံခြုံရေး အတွက် အထူးသတိထားဆောင်ရွက်လျှက်ရှိကြောင်း ပြောသည်။

မကွေးတိုင်းအတွင် မပုပ်မသိုးဆရာတော်ကြီးများ၏ ရုပ်ကလာပ်တော်များ အများအပြားရှိနေပြီး၊မင်းဘူး-စကုမြို့ နယ်၊နန်းတော်ကုန်းကျေးရွာရှိ ဆရာတော်၏ ရုပ်ကလာပ်တော်သည် လွန်ခဲ့သည့်နှစ်အနည်းငယ် အတွင်းက ခိုးယူခြင်းကိုခံခဲ့ရပြီး၊ တရားခံကို မဖော်ထုတ်နိုင်သေးကြောင်း၊ အဆိုပါဖြစ်ရပ်နောက်ပိုင်းတွင် ကျန်ရှိသည့်ဆရာတော်ကြီးများ၏ ရုပ်ကလာပ်တော်များ၏ လုံခြုံရေးအတွက် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly