ထိုင်းတွင် ဆေးခြောက်ကို တရားဝင်ခွင့်ပြုလိုက်ပြီးနောက် ကမ္ဘာတစ်ဝန်း အာဏာပိုင်များထံမှ သတိပေးချက်များ ထွက်ပေါ်

ထိုင်းတွင် ဆေးခြောက်ကို တရားဝင်ခွင့်ပြုလိုက်ပြီးနောက် ကမ္ဘာတစ်ဝန်း အာဏာပိုင်များထံမှ သတိပေးချက်များ ထွက်ပေါ်

ဇူလိုင် ၄

ထိုင်းနိုင်ငံတွင် ဆေးခြောက်နှင့် ဆေးခြောက်လျှော်ပင်တို့ကို တားမြစ်ထားသည့် မူးယစ်ဆေးဝါးစာရင်းမှ ဖယ်ရှားပေးလိုက်ခြင်းကြောင့် အခြားသောနိုင်ငံများထံမှ သတိပေးချက်များကို ထွက်ပေါ်လာစေခဲ့ပြီး ကမ္ဘာ့နေရာဒေသ အများအပြား၌ တရားမဝင် ဖြစ်နေဆဲဖြစ်သည့် ဆေးခြောက်ကို သုံးစွဲခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်း မပြုရန် ခရီးသွားများကို သတိပေးမှုများ ရှိလာခဲ့သည်။

အင်ဒိုနီးရှား၊ တောင်ကိုရီးယားနှင့် ဂျပန် တို့ကဲ့သို့ နေရာများရှိ ထိုင်းသံရုံးများသည် ထိုင်းနိုင်ငံသားများ အဆိုပါ နိုင်ငံများသို့ ဆေးခြောက် သို့မဟုတ် ယင်းနှင့် ဆက်စပ်သည့် ထုတ်ကုန်များ သယ်ယူလာခြင်း မရှိစေရေး တိုက်တွန်းထားသည်။ ထိုသို့ သယ်ဆောင်လာသူများအနေဖြင့် ဖမ်းဆီးခံရပါက ထောင်ဒဏ်၊ ကြီးမားသော ဒဏ်ကြေးများ သို့မဟုတ် ယုတ်စွအဆုံး သေဒဏ်အထိ ချမှတ်ခံရနိုင်၍ ဖြစ်သည်။

အလားတူ စင်္ကာပူ နှင့် တရုတ်ကဲ့သို့ နိုင်ငံများသည်လည်း ပြည်ပရောက် ၎င်းတို့၏ နိုင်ငံသားများ ဆေးခြောက်ကို မည်သည့်ပုံစံနှင့်မျှ သုံးစွဲခြင်း မပြုကြရန် သတိပေးထားသည်။

“မူးယစ်ဆေးဝါး အလွဲသုံးမှု အက်ဥပဒေအရ ထိန်းချုပ်တားမြစ်ထားတဲ့ မူးယစ်ဆေးတွေကို စင်္ကာပူနိုင်ငံ ပြင်ပမှာ သုံးစွဲထားတယ်လို့ တွေ့ရှိတဲ့ စင်္ကာပူနိုင်ငံသားတွေ ဒါမှမဟုတ် အမြဲတမ်းနေထိုင်သူတွေဟာ မူးယစ်ဆေး သုံးစွဲမှု ပြစ်မှုအတွက် တာဝန်ခံရမှာဖြစ်ပါတယ်” ဟု စင်္ကာပူ၏ ဗဟိုမူးယစ်ဆေးဝါး ဗျူရို (CNB) က ပြောသည်။ စစ်ဆေးရေးဂိတ်အသီးသီးတွင် စစ်ဆေးမှုများကို ပုံမှန်လုပ်ဆောင်နေသည်ဟု ယင်းက ပြောသည်။

မူးယစ်ဆေး သုံးစွဲမှုအတွက် ပြစ်ဒဏ်ချခံရသူများအနေဖြင့် ထောင်ဒဏ် အများဆုံး ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သလို ငွေဒဏ် အများဆုံး ဒေါ်လာ ၂၀,၀၀၀ အထိ ချမှတ်ခံရနိုင်သည်။

ထိုင်းနိုင်ငံ၏ ဆေးခြောက် စိုက်ပျိုး၊ ရောင်းချခွင့်ပြုခြင်းနှင့်ပတ်သက်ပြီး သည်စထရိတ်တိုင်းမ်၏ မေးမြန်းမှုကို CNB က ဖြေကြားရာတွင် “ကိုယ်ကျိုးမျှော်လင့်ချက်” နှင့် “အလွန်ပြင်းပြစွာ စည်းရုံးမှု” တို့နှင့်အတူ ပါတီ အစုအဖွဲ့များ၏ အားကောင်းသည့် တွန်းအားပေးမှုကြောင့် နိုင်ငံအချို့တွင် ပိုမို လစ်ဘရယ်ကျသော မူးယစ်ဆေး ဥပဒေများကို ဖြစ်ပေါ်စေခဲ့သည်ဟု ပြောသည်။

သို့သော် ဆေးခြောက်သည် ဆေးဘက်ဆိုင်ရာ အကျိုးတရားများ ရှိသည့် “ပျော့သော” မူးယစ်ဆေး တစ်မျိုး ဖြစ်သည် ဆိုသည့် ထောက်ခံအားပေးသူများ၏ အမြင်ရှုထောင့်ကို ယင်းက ပယ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly