ကျော်ဇေယျာဝင်းနှင့် သီဟဇော် တို့ ပြစ်ဒဏ်အတွက် ဧရာဝတီအသင်း အယူခံဝင်မည်

ကျော်ဇေယျာဝင်းနှင့် သီဟဇော် တို့ ပြစ်ဒဏ်အတွက် ဧရာဝတီအသင်း အယူခံဝင်မည်
ဧရာဝတီကစားသမားများဖြစ်သည့် သီဟဇော် (ဝဲ) နှင့် ကျော်ဇေယျာဝင်း (ယာ) (ဓာတ်ပုံ AUFC)

ဖေဖော်ဝါရီ ၁၁ ၊ ရန်ကုန်။ ။            ။ ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၅) ပွဲစဉ်တစ်ပွဲဖြစ်သည့် ဧရာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ပွဲတွင် နှစ်ဖက်ကစားသမားများ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း စသည့် ဖြစ်ရပ်များ အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ရှမ်းယူနိုက်တက်အသင်း၏ တိုက်စစ်မှူး ဘီရှတ်အား ခြောက်ပွဲပယ်နှင့် ဒဏ်ငွေ လေးသိန်း၊ ဧရာဝတီအသင်းမှ ကျော်ဇေယျာဝင်းနှင့် သီဟဇော် တို့အား လေးပွဲပယ်နှင့် ဒဏ်ငွေ နှစ်သိန်းစီ အသီးသီးချမှတ်ခဲ့သည်။

 အဆိုပါ ပြစ်ဒဏ်များကြောင့် ဧရာဝတီယူနိုက်တက်အသင်းအနေဖြင့် ကျော်ဇေယျာဝင်းနှင့် သီဟဇော် တို့၏ ပြစ်ဒဏ်အား အယူခံဝင်သွားမည် ဟု ဧရာဝတီအသင်းပိုင်ဖေ့ဘုတ်တွင် တရားဝင် ထုတ်ပြန်လိုက်သည်။

ယင်းပွဲတွင် ဧရာဝတီအသင်းမှ ကျော်ဇေယျာဝင်းက ရှမ်းတိုက်စစ်မှူး ဘီရှတ်အား ဘောလုံးလိုက်လံဖျက်ထုတ်ရင်း အချင်းများကြရာ ဘီရှတ်က ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သလို သီဟဇော်မှလည်း ဘီရှပ်ကို ကိုယ်ထိလက်ရောက်တုံ့ပြန်ခဲ့သည့် အတွက် ကွင်းလယ်ဒိုင်က ဘီရှတ်၊ ကျော်ဇေယျာဝင်း၊ သီဟဇော် သုံးဦးစလုံးအား တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။

“ ရုန်းရင်းဆန်ခတ်ဖြစ်လို့ လက်ပါလို့ ပြစ်ဒဏ်ချမှတ်တာကို နားလည်ပါတယ်။ ဒါပေမယ့် ဗီဒီယိုထဲမှာ ပြန်ကြည့်ထားတာအရတော့ အခုလောက် ပြစ်ဒဏ်နဲ့ ဘယ်လိုမှ မထိုက်တန်ပါဘူး။ ဒါကြောင့် အယူခံဝင်သွားမှာပါ။ ” ဟု ဧရာဝတီယူနိုက်တက် အသင်းအုပ်ချုပ်သူ ဦးမျိုးဝင်းက ပြစ်ဒဏ်များနှင့် ပတ်သက်၍ သူ၏အမြင်ကို ပြောသည်။

ယခုနှစ် ၂၀၁၆ ဘောလုံးရာသီတွင် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဒဏ်ငွေနှင့် ပွဲပယ်ပြစ်ဒဏ်များချမှတ်ခြင်းမှာ ယခုအကြိမ်တွင် ပထမဦးဆုံးဖြစ်ပြီး ပြီးခဲ့သည့် ဘောလုံးရာသီ ရတနာပုံနှင့် ရန်ကုန်ပွဲစဉ်၌ ရန်ကုန်ကစားသမား ကြည်လင်းအား နှစ်ပွဲပယ်နှင့် ဒဏ်ငွေနှစ်သိန်း ချမှတ်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly