စဉ့်ကူးမြို့နယ်တွင် လယ်မြေဧက ရ၀၀ကျော် စီမံကိန်းမဆောင်ရွက်သည့်အတွက် တောင်သူများပြန်သိမ်း

စဉ့်ကူးမြို့နယ်တွင် လယ်မြေဧက ရ၀၀ကျော် စီမံကိန်းမဆောင်ရွက်သည့်အတွက် တောင်သူများပြန်သိမ်း
ဓာတ်ပုံ-အောင်ကိုဦး

မန္တလေး၊ဖေဖော်ဝါရီ ၁၁ ။                 ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ခတက်ချဉ်ကျေးရွာအုပ်စု၊ ကျောက်ခွက်ကျေးရွာ ဒေသခံများပိုင်ဆိုင်သည့် ကွင်းအမှတ် (၁၀၈)ရှိလယ်ယာမြေဧက ၇၀၀ ကျော်ကို  ၁၉၇၃ခုနှစ်တွင် စက်မှုဖွံ့ဖြိုးရေးသိပ္ပံဆောက်လုပ်ရန်ဟုဆိုကာ သိမ်းယူခဲ့ပြီး  ယနေ့တိုင် စီမံကိန်းဆောင်ရွက်မှုမရှိသောကြောင့် ဒေသခံ ၂၀၀ကျော်တို့သည် ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် ဝင်ရောက်သိမ်းယူလိုက်ပြီဟု ဦးဆောင်သူများက မဇ္ဈိမ ကိုပြောသည်။

အဆိုပါစီမံကိန်းလုပ်ရန် သိမ်းဆည်းထားသော လယ်ယာမြေများကို ၂၀၁၀ခုနှစ်တွင် ဂရိတ်ဝေါကုမ္ပဏီသို့ ကြံစိုက်ပျိုးရန်ဌားရမ်းထားပြီး ဒေသခံများကို ဖြတ်သန်းသွားလာခွင့်ပင် မပေးခဲ့ကြောင်း ဦးဆောင်သူများကဆိုသည်။

"စီမံကိန်းအတွက်လုပ်တယ်ဆိုရင် ဘာမှပြောစရာမလိုဘူး။ စီမံကိန်းများလုပ်မလားဆိုပြီး စောင့်နေတာ ဒီနေ့အချိန်ထိမလုပ်ဘူး။ဂရိတ်ဝေါတင်မောင်ကို ဌားခဲ့တယ်။ ကျွန်တော်တို့ကို   ဖြတ်လျှောက်ခွင့်တောင်မပေးဘူး။ မခံနိုင်တော့ဘူး။ ဒါကြောင့်ဒီနေ့ ပြန်သိမ်းလိုက်တာပဲဗျာ "ဟု ဦးဆောင်သူထဲမှတစ်ဦးဖြစ်သူ ကိုမင်းဦး ကပြောသည်။

အဆိုပါမြေများပြန်လည်ရရှိစေရန်နှင့် လုပ်ကိုင်ခွင့်ပေးရန်အတွက် ၂၀၁၁ခုနှစ်မှ ၂၀၁၅ခုနှစ်ထိ နိုင်ငံတော်အစိုးရအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကို အကြိမ်ကြိမ်စာတင်ထားသော်လည်း အကြောင်းမထူးသည့်အတွက် မြေသိမ်းတိုက်ပွဲဆင်နွှဲခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

ဒေသခံတစ်ဦးဖြစ်သူ မစန္ဒာကလည်း"ဘယ်မှအကြောင်းမကြားဘူး။ဖြစ်ချင်ရာဖြစ်ရင်ဆိုင်မယ်ဆိုပြီး တစ်ရွာလုံးထွက်လုပ်တာပဲ။ တရားဝင်အကြောင်းကြားစာတွေတင်ခဲ့တာပဲ။ ဘာမှမထူးဘူး"ဟုပြောသည်။

မြေသိမ်းတိုက်ပွဲဆင်နွှဲသူများသည် ထိုမြေများပေါ်သို့လယ်စောင့်တဲများစောင့်ကာ အလှည့်ကျစောင့်ကြည့်ပြီး ပဲအမျိုးမျိုးစိုက်ပျိုးသွားမည်ဟုဒေသခံများကဆိုသည်။

ထိုသို့မြေသိမ်းတိုက်ပွဲ ဆင်နွှဲခြင်းနှင့် ပတ်သက်၍ စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး တို့က မသိရှိသေးကြောင်း၊လုပ်ခဲ့ပါက ဥပဒေအတိုင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly