ရေအားလျှပ်စစ်စီမံကိန်း ကုန်ကျစရိတ် မြင့်တက်မှုအတွက် ပါကစ္စတန်အစိုးရကို ကိုရီးယားရင်းနှီးမြှုပ်နှံသူများက ခုံသမာဓိရုံး၌ တိုင်တန်း

By Zee5
02 July 2022
ရေအားလျှပ်စစ်စီမံကိန်း ကုန်ကျစရိတ် မြင့်တက်မှုအတွက် ပါကစ္စတန်အစိုးရကို ကိုရီးယားရင်းနှီးမြှုပ်နှံသူများက ခုံသမာဓိရုံး၌ တိုင်တန်း

ပါကစ္စတန်ရှိ Patrind ရေအားလျှပ်စစ် စီမံကိန်း၏ ကုန်ကျစရိတ်များ ထပ်တိုးမြင့်တက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ပါကစ္စတန်အစိုးရကို တောင်ကိုရီးယားရင်းနှီးမြှုပ်နှံသူများက လန်ဒန် အပြည်ပြည်ဆိုင်ရာ ခုံသမာဓိ စီရင်ဆုံးဖြတ်မှု တရားရုံး (LCIA) ထံ ဇွန် ၂၇ ရက်က တင်ပြတိုင်တန်းလိုက်သည်။

ကိုရီးယား ရင်းနှီးမြှုပ်နှံသူများသည် ယင်းကိစ္စနှင့် ပတ်သက်ပြီး LCIA တရားရုံး၌ ပါကစ္စတန်အစိုးရကို တိုင်တန်းရာတွင် နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၉၄ သန်း (ရူပီး ၁၉ ဒသမ ၆ ဘီလီယံ) ရလိုကြောင်း တောင်းခံထားသည်ဟု Geo News က ဖော်ပြသည်။

ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ဦးဆောင်သည့် ယခင်ပါကစ္စတန်အစိုးရသည် ပြန်လည်ပြင်ဆင်ချိန်ညှိသော အခွန်အကောက်များတွင် ထိုစီမံကိန်း၏ ထပ်တိုးကုန်ကျစရိတ်များကို ထည့်သွင်းပေးရန် ပျက်ကွက်ထား ခဲ့ပြီးနောက် ယခုကဲ့သို့ တိုင်တန်းမှုကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပါကစ္စတန် အမျိုးသား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပို့လွှတ်ရေး ကုမ္ပဏီ (NTDC) သည် လက်ရှိတွင် စုစုပေါင်း ရူပီး ၄၂၁ ဘီလီယံ တန်ဖိုးရှိ ဓာတ်အားပို့လွှတ်မှု စီမံကိန်းများကို ကိုင်တွယ်လုပ်ဆောင်နေသည်။

NTDC သည် စီမံကိန်း၏ စီးပွားဖြစ် လုပ်ငန်းလည်ပတ်သည့်နေ့ နောက်ပိုင်း အနည်းဆုံး ၆လကြာအထိ ၁၄၇ မဂ္ဂါဝပ် Patrind ရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ်ကို ထုတ်လွှတ်ပေးရန် ပျက်ကွက်ခဲ့သလို လျှပ်စစ် ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပေးပို့မည့် လျှပ်စစ် ပို့လွှတ်မှုဆိုင်ရာ အစိတ်အပိုင်းများ တည်ဆောက် မှု ကုန်ကျစရိတ်ကို ရှင်းလင်းပေးရန် ပျက်ကွက်ခဲ့သည်ဟု ကိုရီးယား

ရင်းနှီးမြှုပ်နှံသူများက ပြောထားခဲ့ကြောင်း ပါကစ္စတန် လျှပ်စစ်ဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောသည်ဟု Geo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly