ဖိလစ်ပိုင်က တရုတ်နှင့် စွမ်းအင်ရှာဖွေရေး ဆွေးနွေးပွဲကို ရပ်ဆိုင်း

ဖိလစ်ပိုင်က တရုတ်နှင့် စွမ်းအင်ရှာဖွေရေး ဆွေးနွေးပွဲကို ရပ်ဆိုင်း

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးက စေ့စပ်ညှိနှိုင်းမှုများကို အဆုံးသတ်ရန် အမိန့်ပေးခဲ့ပြီးနောက် တောင် တရုတ်ပင်လယ်တွင် ပူးတွဲစွမ်းအင်စီမံကိန်းအတွက် တရုတ်နှင့် ဆွေးနွေးမှုများ ရပ်ဆိုင်းထားသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး သီအိုဒိုရို လော်ဆင်၏ ပြောကြားချက်အရ တောင်တရုတ်ပင်လယ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ပူးပေါင်းရှာဖွေရေးကိစ္စနှင့် ပတ်သက်၍ တရုတ်နှင့် ဆွေးနွေးမှုကို ဖိလစ်ပိုင်က ရပ်ဆိုင်း လိုက်ကြောင်း NHK World က ဖော်ပြခဲ့သည်။

ဇွန် ၂၄ရက်က မနီလာမြို့တွင် မိန့်ခွန်းပြောကြားစဉ် သီအိုဒိုရို လော်ဆင်က ရာထူးမှ အနားယူသွားသည့် သမ္မတ ရိုဒရီဂို ဒူတာတေးက ဆွေးနွေးမှုတွေ အပြီးသတ်ရပ်စဲရန် အမိန့်ပေးထားကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများရှိနေသည်။ သို့သော် ၂၀၁၈ခုနှစ်တွင် ဒူတာတေးက တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ပူးတွဲသယံဇာတရှာဖွေရေးဆိုင်ရာ စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

နောက်ပိုင်းတွင် တရုတ်က ဖိလစ်ပိုင်နှင့် ပူးတွဲသီးသန့်စီးပွားရေးဇုန်စီမံကိန်းတစ်ခုကို အဆိုပြုခဲ့သည်။

တရုတ် က သတ်မှတ်ထားသည့် အခြေအနေတစ်ရပ်မှာ တောင်တရုတ်ပင်လယ်အများစုကို တရုတ်၏ တောင်းဆိုမှုကို ပယ်ချ သည့် နိုင်ငံတကာ ခုံသမာဓိ စီရင်ချက်ကို ဘေးချိတ်ထားရန် ဖြစ်သည်။ အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြသည်။

“၃ နှစ်ကြာပြီးတဲ့အထိ ဖိလစ်ပိုင်အတွက် အလွန်အရေးပါတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့အရင်းအမြစ်တွေ ဖွံ့ဖြိုး တိုးတက်ဖို့ ရည်မှန်းချက်တွေ မအောင်မြင်ခဲ့ပေမဲ့ အချုပ်အခြာအာဏာကိုတော့ မပေးနိုင်ပါဘူး။ 

တစ်စက်လေး တောင် မပေးပါဘူး” ဟု လော်ဆင်က ပြောကြားခဲ့ကြောင်း NHK World တွင် ဖော်ပြခဲ့သည်။

နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် အသစ်တက်လာမည့် ဖိလစ်ပိုင်အစိုးရအဖွဲ့ကိုလည်း ၎င်းက တောင်းဆိုခဲ့သည်။

ရွေးကောက်ခံသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် ဇွန်လ ၃၀ ရက်တွင် ရာထူးတာဝန်ရယူမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly