မကာအိုတွင် ကိုဗစ်-၁၉ ကူးစက်မှု များလာသဖြင့် အဆောက်အအုံအချို့တွင် အသွားအလာ ကန့်သတ်မှုများ ပြုလုပ်

မကာအိုတွင် ကိုဗစ်-၁၉ ကူးစက်မှု များလာသဖြင့် အဆောက်အအုံအချို့တွင် အသွားအလာ ကန့်သတ်မှုများ ပြုလုပ်

ကမ္ဘာ့အကြီးဆုံး လောင်းကစားဗဟိုချက်ဖြစ်သော မကာအိုတွင် လုပ်ငန်းများရပ်ဆိုင်းသွားစေနိုင်သည့်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည် များပြား လာခြင်းကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့် မကာအိုရှိ အာဏာပိုင်များက ကာစီနို အများစုကို ဖွင့်လှစ် ထားဆဲဖြစ်သော်လည်း လူနေထိုင်ရာ အဆောက်အအုံများကို ပိတ်ဆို့ကန့်သတ်ထားလိုက်သည်။

မကာအိုတွင် ဇွန် ၂၄ ရက်က ကူးစက်သူအသစ် ၃၉ ဦး စာရင်းရရှိခဲ့သဖြင့် လက်ရှိဖြစ်ပွားသူ စုစုပေါင်း ၁၄၉ ဦးရှိလာခဲ့သည်။ အဆောက်အဦတစ်ဒါဇင်ဝန်းကျင်ကို ပိတ်ဆို့ ကန့်သတ်ထားပြီးနေထိုင်သူများကို ထွက်ခွာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံအစိုးရက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သီးသန့်ခွဲထားရသူ ၅၀၀၀ ကျော်ရှိကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

တရုတ်အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် မကာအိုတွင် နေထိုင်သူ ၆သိန်းကျော်ကို ယခုသီတင်းပတ် အတွင်း ကိုရိုနာဗိုင်းရပ် ဒုတိယအကြိမ် စမ်းသပ်လျက်ရှိရာ ဇွန် ၂၄ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။

Las Vegas ပုံစံပြုလုပ်ထားသည့် မကာအို၏ Cotai Strip ယာယီဆေးရုံကိုလည်း ဇွန် ၂၄ ရက်တွင် ဖွင့်လှစ်လိုက်သည်။

မကာအိုတွင် ဘားများ၊ ရုပ်ရှင်ရုံများ၊ ဆံပင်ညှပ်ဆိုင်များနှင့် ပြင်ပပန်းခြံများအပါအဝင် မြို့ဧရိယာအများစုကို ဇွန် ၂၃ရက်တွင် ပိတ်လိုက်သည်။ စားသောက်ခန်းများမှ ပါဆယ်ဝယ်ယူခြင်းကိုသာ ခွင့်ပြုတော့သည်။

မကာအိုသည် ၂၀၂၁ခုနှစ် အောက်တိုဘာလတွင် ကိုဗစ်ဖြစ်ပွားပြီးနောက်ပိုင်း ကိုဗစ်ကင်းစင်ခဲ့ရာမှ ယခုအခါ တင်းကျပ်သောအစီအမံများ ထွက်ပေါ်လာခြင်းဖြစ်သည်။ မကာအိုသည် ကူးစက်မြန်သော အိုမီခရွန်မျိုးကွဲကို ယခင်က မကြုံတွေ့ခဲ့ဘူးပေ။

မကာအို၏ ရောဂါဖြစ်ပွားမှုသည် ယခုလတွင် တစ်ရက်လျှင် ကူးစက်မှု ၁,ဝဝဝ ကျော်အထိ ခုန်တက်သွားသည့် အိမ်နီးချင်း ဟောင်ကောင်အပါအဝင် အခြားနေရာများနှင့် နှိုင်းယှဉ်ပါက နေ့စဉ်ကူးစက်မှု နည်းပါးနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly