ရုရှားနှင့် တရုတ်တို့၏ ရန်စမှုများကို တန်ပြန်မည့် မဟာမိတ်နိုင်ငံများ ဖွဲ့စည်းရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း တိုက်တွန်း

ရုရှားနှင့် တရုတ်တို့၏ ရန်စမှုများကို တန်ပြန်မည့် မဟာမိတ်နိုင်ငံများ ဖွဲ့စည်းရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း တိုက်တွန်း

ရုရှား-ယူကရိန်းစစ်ပွဲနှင့် တောင်တရုတ်ပင်လယ်တွင် တရုတ်ရန်လိုမှုများရှိနေပြီး ပထဝီဝင်နိုင်ငံရေး အခြေ အနေများ ပြောင်းလဲနေချိန်တွင် “လွတ်လပ်မှုအတွက် ကမ္ဘာ့နိုင်ငံများ မဟာမိတ်အဖွဲ့” ကို ဖွဲ့စည်းရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုက်ကယ်ပွန်ပီယိုက တိုက်တွန်းလိုက်သည်။

ဇွန် ၂၄ ရက် အွန်လိုင်းမိန့်ခွန်းတွင် ပွန်ပီယိုက ထိုင်ဝမ်အား လွတ်လပ်သောနိုင်ငံအဖြစ် အမေရိကန်က အသိအမှတ်ပြုရန် အကြံပြုခဲ့ကြောင်း VOA သတင်းတွင် ဖော်ပြခဲ့သည်။

ယူကရိန်းတွင် လွတ်လပ်ရေးစစ်ပွဲဖြစ်ပွားနေပြီး ယင်း၏ အချုပ်အခြာအာဏာကို ဆက်လက် ထိန်းသိမ်းထားရန် ယူကရိန်းအား ထောက်ခံကြောင်း ပွန်ပီယိုက အဖွင့်စကားစပြောခဲ့ပြီး အခြားနိုင်ငံများ၏ နယ်မြေကျူးကျော်မှု သို့မဟုတ် သြဇာလွှမ်းမိုးမှုတို့ကို ခံရန်မလိုကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

ယူကရိန်းက ဆက်လက်ရှင်သန်နေမည်ဟု ယုံကြည်ကြောင်းနှင့် ယင်းပြည်သူများ၏ သူရဲကောင်းဆန်မှုကို ထာဝရအမှတ်ရနေလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု Taiwan News သတင်းတွင် ဖော်ပြ ခဲ့သည်။

ယူကရိန်းကို ကူညီပေးခြင်းဖြင့် အမေရိကန်သည် ယင်း၏ လုံခြုံရေးကို အားကောင်းစေပြီး 'နေတိုးအဖွဲ့စာချုပ်နှင့် အပိုဒ် ၅ ကို လေးလေးနက်နက် ကတိပြုထားခြင်းကြောင့်' အမေရိကန် စစ်တပ် ပါဝင်ရမည့် စစ်ပွဲကြီးတစ်ပွဲဖြစ်နိုင်သည့် ဥရောပ ပဋိပက္ခကို တားဆီးကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

တရုတ်၏ ရန်လိုမှု ခေါင်းစဉ်ကို ပြောင်းလဲ ပြောကြားလျက် ယူကရိန်း၏ သတ္တိရှိရှိ ရုရှားကို တွန်းလှန်မှုက ထိုင်ဝမ်ကို သိမ်းပိုက်ရန် ကြံရွယ်ထားသည့် တရုတ်ကို ခေတ္တရပ်တန့်သွားစေမည်ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။

ထိုင်ဝမ်ကို တရုတ်က သိမ်းယူခြင်းက အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်၏ သြဇာလွှမ်းမိုးမှုကို ဆိုးရွားစွာ ကျဆင်းစေမည်ဖြစ်ပြီး အမေရိကန်၏ စူပါပါဝါအဆင့်အတန်းကို ထိခိုက်စေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

'ထိုင်ဝမ်တည်ရှိမှုက အမေရိကန်ရဲ့ ကာကွယ်ရေးအတွက် အရေးကြီးတယ်လို့ ထရူးမင်းလက်ထက်ကထဲက သမ္မတတိုင်းက ယုံကြည်သလိုပဲ အဲဒီအချက်ကို ကျွန်တော်ကလဲ စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ပါတယ်' ဟု ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required