ရုရှားနှင့် တရုတ်ကို တန်ပြန်မည့် နည်းလမ်းသစ်များ ဂျီ-၇ ခေါင်းဆောင်များ စတင်ပြင်ဆင်

By Business-standard
30 June 2022
ရုရှားနှင့် တရုတ်ကို တန်ပြန်မည့် နည်းလမ်းသစ်များ ဂျီ-၇ ခေါင်းဆောင်များ စတင်ပြင်ဆင်

ဂျာမနီနိုင်ငံ၊ ဘာဗာရီးရမ်းအဲလ်တောင်းတန်းဒေသတွင် ဇွန် ၂၆ရက်က စတင် ပြုလုပ်ခဲ့သည့် ၃ ရက်ကြာ ထိပ်သီးစည်းဝေးပွဲကို ဂျီ-၇ ခေါင်းဆောင်များတက်ရောက်ခဲ့ကြပြီး ရုရှား-ယူကရိန်းစစ်ပွဲ၊ တရုတ်အရေး၊ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုနှင့် စွမ်းအင်ကိစ္စတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ဂျီ-၇ ထိပ်သီးအစည်းအဝေး၏ ပထမနေ့တွင် ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်မြို့ကို ရုရှားက ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အရိုင်းအစိုင်းဝါဒီများဟု ရှုတ်ချခဲ့သည်။

တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို တန်ပြန်ရန် ကြိုးပမ်းသည့်အနေဖြင့် ဂျီ-၇ က ဆင်းရဲသော နိုင်ငံများ အတွက် ဒေါ်လာ ၆၀ဝ ဘီလီယံအသုံးပြုမည့် ကမ္ဘာလုံးဆိုင်ရာအခြေခံအဆောက်အအုံအစီအစဉ်ကို ဇွန် ၂၆ရက်တွင် ကြေညာခဲ့သည်။

အမေရိကန်အစိုးရနှင့် မဟာမိတ်များသည် ယခုနှစ်နှင့် ၂၀၂၇ခုနှစ်ကြားကာလအတွင်း ထောက်ပံ့ငွေများ၊ ဖက်ဒ ရယ်ဘဏ္ဍာရေးနှင့် ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ဒေါ်လာ ၆၀ဝ ဘီလီယံတန်ဖိုးရှိ ပမာဏကို ထည့်ဝင်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

အဆိုပါ ဒေါ်လာဘီလီယံ ၆၀ဝတွင် ဒေါ်လာဘီလီယံ ၂၀ဝ ကို အမေရိကန်က ထည့်ဝင်ရန် ရည်မှန်း ထား ပြီး ကျန်ရှိသည့် ဂျီ-၇အဖွဲ့ဝင်များက နောက်ထပ် ဒေါ်လာ ၄၀ဝ ဘီလီယံကို ထည့်ဝင်ကြမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

ဂျီ-၇ခေါင်းဆောင်များက ရုရှားကို ပိုမိုအထီးကျန်စေရန်နှင့် ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုနှင့် ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်အား ဖိအားပေးရန် ကြိုးပမ်းသည့်အနေဖြင့် ရုရှားရွှေတင်သွင်းမှုကို တားမြစ်သည့် စီမံချက်အသစ်တစ်ရပ်ကို ဂျီ-၇ ခေါင်းဆောင်များက ဇွန် ၂၆ရက်တွင် သဘောတူညီခဲ့ကြသည်။

ရွှေသည် ၂၀၂၁ ခုနှစ်တွင် ရုရှား၏ အဓိကပို့ကုန်တစ်ခုဖြစ်ပြီး ရွှေက ရုရှား၏စီးပွားရေးအတွက် ပေါင်ငွေ ၁၂ ဒသမ ၆ ဘီလီယံအထိ ဝင်ငွေရှိခဲ့သည်။

အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ၏ ဘဏ္ဍာရေးဆိုင်ရာ သက်ရောက်မှုများကို ရှောင်ရှားရန် သူဋ္ဌေးကြီးများက ရွှေတုံးရွှေချောင်းများကို မကြာမီကပင် အလုံးအရင်းဖြင့် ဝယ်ယူမှုကြောင့် ရွှေဈေး မြင့်တက်လာ ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly