ပက်ဒမာ တံတားအောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ခြင်းအပေါ် အိန္ဒိယက ဘင်္ဂလားဒေ့ရှ်ကို ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြား

ပက်ဒမာ တံတားအောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ခြင်းအပေါ် အိန္ဒိယက ဘင်္ဂလားဒေ့ရှ်ကို ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြား

ဘင်္ဂလားဒေ့ရှ်တွင် မကြာသေးမီက အောင်မြင်စွာ တည်ဆောက် ပြီးစီးခဲ့သည့် ပက်ဒမာတံတားအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း အိန္ဒိယအစိုးရက ပြောကြားခဲ့သည်။

ပက်ဒမာမြစ်ကိုဖြတ်လျက် တည်ဆောက်ထားသည့် ကားလမ်း-ရထားလမ်းသုံး ၄ လမ်းသွား အရှည် ၆ ဒသမ ၁၅ ကီလိုမီတာရှည်သည့် အဆိုပါ တံတားကို ဇွန် ၂၅ ရက်တွင် ဝန်ကြီးချုပ် ရှိတ်ခ်ဟက်စီနာ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

‌“အချိန်အကြာကြီး စောင့်မျှော်နေရတဲ့ ဒီတံတား တည်ဆောက်ပြီးစီးမှုက ဝန်ကြီးချုပ် ဟက်ဆီနာရဲ့ ရဲဝံ့တဲ့ ဆုံးဖြတ်ချက်နဲ့ အမျှော်အမြင်ကြီးတဲ့ ခေါင်းဆောင်မှုကို ဖော်ပြနေတာပါ။ ဒီအောင်မြင်မှုဟာ ဝန်ကြီးချုပ်ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကြောင့်ပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရက တံတားစီမံကိန်းကို ဆက်လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်စဉ်က အိန္ဒိယက မမှိတ်မသုန် ထောက်ခံခဲ့ပါတယ်” ဟု သံရုံးက ထုတ်ပြန်ခဲ့သည်။

ပက်ဒမာတံတားသည် ပြည်တွင်း လမ်းပန်းဆက်သွယ်ရေးကို တိုးတက်စေယုံသာမက အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား နယ်စပ်ဒေသများကို ချိတ်ဆက်နိုင်သောကြောင့် လိုအပ်သည့် ပို့ဆောင်ရေးနှင့် စီးပွားရေး လုပ်ငန်းအရှိန်အဟုန်ကို တိုးတက်စေနိုင်မည်ဖြစ်သည်။ အဆိုပါ တံတားသည် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဒေသတွင်း ချိတ်ဆက်မှုတို့ကို အားကောင်းလာစေရန် အရေးကြီးသည်။

ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရသည့် နှစ်၅၀ ပြည့်တွင် ပက်ဒမာတံတားအား အောင်မြင်စွာ ဖွင့်လှစ်နိုင်ခြင်းအပေါ် အိန္ဒိယပြည်သူများကလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တံတားတည်ဆောက်မှု ကုန်ကျစရိတ်မှာ ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ၃၀၁၉၃ဒသမ၆ ကုဋေ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ) ကုန်ကျခဲ့ကာ ဘင်္ဂလားဒေ့ရှ်အစိုးရက အပြည့်အဝ စိုက်ထုတ် သုံးစွဲခဲ့ခြင်း ဖြစ်သည်။

‌ပက်ဒမာတံတားသည် တရုတ်၏ ခါးပတ်လမ်းမရပ်ဝန်းအစီအစဉ်တွင် မပါဝင်ကြောင်းနှင့် အဆိုပါ ဘက်စုံစီမံကိန်း ပြီးစီးရန် နိုင်ငံခြားမှ ပံ့ပိုးထောက်ပံ့ငွေမပါဝင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

‌ပက်ဒမာဘက်စုံသုံး တံတားသည် တရုတ်၏ ခါးပတ်လမ်းရပ်ဝန်း စီမံကိန်းအတွက် တည်ဆောက်ခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံခြားမှ ငွေကြေးပံ့ပိုးထားကြောင်း သတင်းများထုတ်လွှင့်နေမှုများကြောင့် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခုကဲ့သို့ ကြေညာချက်ထုတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly