ဂျမူး-ကက်ရှ်မီးယားပြည်နယ်မှ သင်္ချာဆရာက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကား ပြုလုပ်

ဂျမူး-ကက်ရှ်မီးယားပြည်နယ်မှ သင်္ချာဆရာက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကား ပြုလုပ်

‌အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားဒေသမှ သင်္ချာဆရာနှင့် တီထွင်သူတစ်ဦးက နေရောင်ခြည်စွမ်းအင်နှင့် မောင်းနှင်သည့် ဈေးနှုန်းသက်သာသော လျှပ်စစ်ကားတစ်မျိုးကို တီထွင် ထုတ်လုပ်လိုက်သည်။

‌ကျောင်းဆရာ ဘီလယ်အာမက်သည် အဆိုပါ စမ်းသပ်တီထွင်မှုကို လုပ်ဆောင်ခဲ့သည်မှာ ၁၃ နှစ်ကျော် ကြာမြင့်ခဲ့ပြီးနောက် ယခုကဲ့သို့ အောင်မြင်မှု ရရှိခဲ့ခြင်းဖြစ်သည်။

မသန်စွမ်းသူများအတွက် ကားထုတ်လုပ်ချင်သော်လည်း ငွေကြေးအခက်အခဲကြောင့် မလုပ်နိုင်ကြောင်း အာမက်က ANI သတင်းဌာနသို့ ပြောသည်။

‌“မသန်စွမ်းတွေအတွက် ကားထုတ်လုပ်ချင်ပေမယ့် ငွေကြေးအခက်အခဲရှိလို့ မလွယ်ပါဘူး။

နေရောင်ခြည်စွမ်းအင် သုံးကား ထုတ်လုပ်ဖို့ စိတ်ဝင်စားခဲ့တယ်။ လောင်စာဆီဖိုးလည်း မကုန်ဘူးလေ။

လာမယ့် ၁၀ နှစ်မှာ ဓာတ်ဆီဈေးနှုန်းတွေ တက်လိမ့်မယ်လို့ သတင်းစာထဲမှာ မကြာသေးခင်က ဖတ်ခဲ့ရတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

‌သူ့အနေဖြင့် ၁၉၅၀ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့သည့် တန်ဖိုးကြီး ကားအမျိုးမျိုး ကြည့်ရှုလေ့လာခဲ့သည်။

အထက်တန်းလွှာများသာ ဇိမ်ခံကားများကို စီးနိုင်မည်ဆိုသော အယူအဆကို ပယ်ဖျက်ကာ အာမက်က ဇိမ်ခံကားများစီးသကဲ့သို့ ခံစားချက်သာမက သာမန်ပြည်သူများ စီးနိုင်သည့် အဆိုပါ နေရောင်ခြည် စွမ်းအင်သုံးကားကို အာမက်က တီထွင်လိုက်ခြင်း ဖြစ်သည်။

“ပြည်သူတွေကို ဇိမ်ခံနိုင်တဲ့ အရသာပေးဖို့ စဉ်းစားခဲ့ပြီးနောက်ပိုင်း ကားကို စလုပ်ခဲ့ပါတယ်။ ဗီဒီယိုတွေကို ကြည့်ပြီး ဖန်တီးမှုတွေ လုပ်ခဲ့သလို ထည့်သွင်းရမယ့် အစိတ်အပိုင်းတွေကို ထည့်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

“ကက်ရှ်မီးယားဒေသမှာ အချိန်အတော်များများက ရာသီဥတု အုံ့မှိုင်းနေပါတယ်။ နေရောင်ခြည်အနည်းငယ်ပဲ ရတဲ့နေတွေမှာတောင် စွမ်းအင်များများ ထုတ်နိုင်မယ် ဆိုလာပြားတွေကို ကျွန်တော်အသုံးပြုတယ်။ ဆိုလာပြားတွေရဲ့ စွမ်းဆောင်ချက်ကို စစ်ဆေးဖို့ ကျွန်တော် ကုမ္ပဏီအများကြီးကို သွားခဲ့ပါတယ်” ဟုလည်း ၎င်းက ပြောသည်။

‌ကားများကို ရပ်ထားစဉ် နေရောင်ခြည်ရရှိနိုင်ရန် တံခါးများကို ဇင်ယော်တောင်ပုံစံပြုလုပ်ထားပြီး Ferrari ဖာရာယီကားများကဲ့သို့ ဘေးတံခါးကို အပေါ်ဘက်သို့ ဖွင့်နိုင်မည်ဖြစ်သည်။

‌ဇင်ယော်တောင် တံခါးများကို ပြုလုပ်ခြင်း ထိန်းညှိခြင်းတို့သည် စိန်ခေါ်မှုတစ်ခုဖြစ်သလို ခက်ခဲသည့် လုပ်ငန်း တစ်ရပ်ဖြစ်ကြောင်းလည်း အာမက်က ပြောသည်။

ကားကို လမ်းများပေါ်တွင် စမ်းသပ်မောင်းကြည့်သည့်အခါ တွေ့မြင်သူများက နှစ်သက်သည့် တုံ့ပြန်မှုရှိခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required