ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားရှိ လူ့အခွင့်အရေးနှင့် လုံခြုံရေးအခြေအနေအတွက် ဂျီနီဗာတွင် ဆန္ဒပြ

ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားရှိ လူ့အခွင့်အရေးနှင့် လုံခြုံရေးအခြေအနေအတွက် ဂျီနီဗာတွင် ဆန္ဒပြ

ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားဒေသ (PoK) ရှိ ဒေသခံများအပေါ် ကျူးလွန်လျက်ရှိသည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို မီးမောင်းထိုးပြသရန် ညီညွတ်သော ကက်ရှ်မီးယားပြည်သူ့ အမျိုးသားပါတီ (UKPNP) မှ ရှောကတ် အလီ ကက်ရှ်မီရီ ဦးဆောင်သော အဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲရုံးရှေ့၌ ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

တစ်ရက်တာ လုပ်ဆောင်ခဲ့သော အဆိုပါ ဆန္ဒပြပွဲပြီးနောက် UKPNP ၏ ဥက္ကဋ္ဌ ဆာဒါ ရှောကတ် အလီ ကက်ရှ်မီရီ၊ ဗဟို ပြောရေးဆိုခွင့်ရှိသူ နက်ဆီရာ အဇစ် ခန်း နှင့် နိုင်ငံခြားရေးရာ ကော်မတီ ဗဟိုအတွင်းရေးမှူး ဂျမီလ် မာဆွတ်ဒ်တို့သည် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးထံ မှတ်စုတစ်စောင် တင်ပြခဲ့ပြီး ပါကစ္စတန်အစိုးရကို အရေးယူပေးရေး ပန်ကြားတောင်းဆိုခဲ့သည်။

ပါကစ္စတန်တွင် ဘာသာရေးကို လက်နက်တစ်ခုအဖြစ်နှင့် အကြမ်းဖက်မှုကို နိုင်ငံခြားရေးမူဝါဒ လက်နက်တစ်ခုအဖြစ် အသုံးချနေသည့် အစိုးရ၏ မူဝါဒကို စိုးရိမ်ပူပန်ကြောင်း UKPNP က မှတ်စုစာထဲတွင် ထုတ်ဖော်ထားသည်။

ထို့ပြင် ပါကစ္စတန်အာဏာပိုင်တို့သည် ကက်ရှ်မီးယား ဒေသတစ်ခုလုံး၏ လောကီရေးရာ၊ ဒီမိုကရေစီရေးရာနှင့် တိုးတက်မှုဆိုင်ရာ အသံများကို ဖိနှိပ်ရန် ကက်ရှ်မီးယားကို အကြမ်းဖက်မှုနှင့် လေ့ကျင့်ရေးကမ့်စခန်းများအတွက် ခြေကုပ်တစ်ခုအဖြစ် အသုံးပြုနေသည်ဟု UKPNP က စွပ်စွဲသည်။

ထို့ပြင် ပါကစ္စတန်အာဏာပိုင်တို့၏ မူဝါဒများ ပြောင်းလဲရေး UKPNP က တောင်းဆိုခဲ့သလို အကြမ်းဖက်အဖွဲ့အစည်းများနှင့် အုပ်စုများအပေါ် အလေးအနက် အရေးယူရေး ပါကစ္စတန်ကို တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required