ပါကစ္စတန် ရဲမေတစ်ဦးကို လုပ်ဖော်ကိုင်ဖက်အမျိုးသားက အဓမ္မပြုကျင့်

ပါကစ္စတန် ရဲမေတစ်ဦးကို လုပ်ဖော်ကိုင်ဖက်အမျိုးသားက အဓမ္မပြုကျင့်

ပါကစ္စတန်နိုင်ငံတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုဖြစ်စဉ်များ စိုးရိမ်ဖွယ်ရာ မြင့်တက်နေစဉ် မကြာသေးခင်က အမျိုးသမီးရဲမေတစ်ဦးကို သူမ၏ လုပ်ဖော်ကိုင်ဖက် အမျိုးသား ရဲဝန်ထမ်းတစ်ဦးက အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်တစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့သည်။

ဇွန်လ ၂၄ ရက်က မာတီယာရီခရိုင် ဟာလာမြို့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်စဉ်တွင် ကျူးလွန်သူသည် အဓမ္မပြုကျင့်မှုကို ဗီဒီယိုရိုက်ကူးထားခဲ့ပြီး ယင်းဗီဒီယို အပိုင်းများကို ဆိုရှယ်မီဒီယာတွင် ဖြန့်ခဲ့သည်။

သံသယရှိသူတစ်ဦးကို စုံစမ်းရန် အတူတူအလုပ်လုပ်ကြမည်ဆိုပြီး ရဲဝန်ထမ်းအမျိုးသားက သူမကို ၎င်း၏ နေအိမ်သို့ လိမ်ညာခေါ်ခဲ့ခြင်း ဖြစ်ကြောင်း အဓမ္မပြုကျင့်ခံရသည့် ရဲမေ၏ ပြောကြားချက်ကို Dawn သတင်းစာက ကိုးကားဖော်ပြသည်။

“သူက စိတ်ငြိမ်ဆေး ထည့်ထားတဲ့ လက်ဖက်ရည်တစ်ခွက်ကို ရဲမေကို တိုက်ခဲ့တယ်။ အဲဒီနောက် ရဲမေ သတိလစ်သွားချိန်မှာ သူက အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။ အဲဒါကို ဗီဒီယိုတွေ ရိုက်ထားခဲ့သေးတယ်” ဟု Dawn သတင်းစာက ကိုးကားဖော်ပြသည်။

အဓမ္မပြုကျင့်သူ အမျိုးသားသည် ဗီဒီယိုများကို ဆိုရှယ်မီဒီယာပေါ် ဖြန့်ခဲ့သလို သူမထံမှ ငွေညှစ်ရန် ကြိုးစားခဲ့သေးသည်ဟု ကျူးလွန်ခံရသည့် ရဲမေက ပြောသည်။

ယခုအခါ ရဲမေက တရားခံဖြစ်သူကို ပါကစ္စတန်ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၆ ၊ ၃၃၇ ၊ ၃၅၆ (ခ) ၊ ၅၀၆ တို့ဖြင့် ဇွန်လ ၂၄ ရက်တွင် အမှုဖွင့်တိုင်တန်းခဲ့ပြီး အဓမ္မပြုကျင့်သူ ရဲဝန်ထမ်းအမျိုးသား ယူဆက်ဖ် ဘီလယ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly