လူသတ်မှုကို အားပေးကူညီမှုအတွက် အသက် ၁၀၁ နှစ်ရှိ နာဇီ အကျဉ်းစခန်းအစောင့်ဟောင်း ထောင်ဒဏ် ချမှတ်ခံရ

လူသတ်မှုကို အားပေးကူညီမှုအတွက် အသက် ၁၀၁ နှစ်ရှိ နာဇီ အကျဉ်းစခန်းအစောင့်ဟောင်း ထောင်ဒဏ် ချမှတ်ခံရ

ဇွန် ၂၉

ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့၏ Sachsenhausen အကျဉ်းစခန်း၌ အစောင့်အဖြစ် လုပ်ကိုင်ခဲ့သည့် အသက် ၁၀၁ နှစ်ရှိ အဘိုးအိုတစ်ဦးသည် လူသတ်မှု ကျူးလွန်ရာတွင် အလိုတူအလိုပါဖြစ်မှု စွဲချက်ပေါင်း ၃,၅၀၀ ကျော်နှင့် စပ်လျဉ်းပြီး ဂျာမနီနိုင်ငံတွင် ဇွန်လ ၂၈ ရက်က ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။

နျူရက်ပင် ဒေသတရားရုံးက အဆိုပါ နာဇီအစောင့်ဟောင်း အဘိုးအိုကို ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့သည်။

အဆိုပါ နာဇီအစောင့်ဟောင်း အဘိုးအို၏ အမည်မှာ ဂျိုးဆက် အက်စ် ဖြစ်သည်ဟု ပြည်တွင်းမီဒီယာများက ထုတ်ဖော်သည်။ ၎င်းသည် အကျဉ်းစခန်း၌ အစောင့်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ခြင်းမရှိသလို အကျဉ်းသား ထောင်ချီကို သတ်ဖြတ်မှုကို အားပေးကူညီခဲ့ခြင်းမရှိဟု အဆိုပါ နာဇီအစောင့်ဟောင်းက ငြင်းဆန်ထားခဲ့သည်။

၎င်းသည် အဆိုပါ ကာလအတွင်းက ဂျာမနီ အရှေ့မြောက်ပိုင်း ပေ့စ်ဝေါ့ခ်မြို့အနီးတွင် စိုက်ပျိုးခြံ အလုပ်သမားတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ကြောင်း အဆိုပါ အသက် ၁၀၀ ကျော်အရွယ်ရှိ အဘိုးအိုက တရားရုံး စစ်ဆေးကြားနာမှုတွင် ပြောသည်။ အဆိုပါ တရားရုံး စစ်ဆေးကြားနာမှုကို ပြီးခဲ့သည့် အောက်တိုဘာလက စတင်ဖွင့်လှစ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ၎င်းအဘိုးအိုသည် ၁၉၄၂ ခုနှစ်နှင့် ၁၉၄၅ ခုနှစ်အကြား ကာလတွင် နာဇီ ပါတီ၏ အကူတပ်ဖွဲ့၏ စာရင်းဝင်ထားသော အဖွဲ့ဝင်တစ်ဦးအဖြစ် ဘာလင်မြို့စွန်ရှိ အကျဉ်းစခန်း၌ အလုပ်လုပ်ခဲ့သည်မှာ သက်သေခိုင်လုံကြောင်း တရားရုံးက သုံးသပ်ဆုံးဖြတ်ခဲ့သည်ဟု ဂျာမန်သတင်းအေဂျင်စီ dpa က ဖော်ပြသည်။

“တရားရုံးအနေနဲ့ ခင်ဗျား ပြောတာနဲ့ ဆန့်ကျင်ပြီး ကောက်ချက်ချပါတယ်။ ခင်ဗျားဟာ နာဇီ အကျဉ်းစခန်းမှာ သုံးနှစ်လောက် အစောင့်အနေနဲ့ လုပ်ခဲ့ပါတယ်” ဟု ဦးဆောင်တရားသူကြီး ယူဒို လက်ချ်တာမန်းက ပြောကြောင်း dpa က ဖော်ပြသည်။ ထိုသို့ အစောင့်လုပ်ခဲ့ခြင်းအားဖြင့် တရားခံ ဖြစ်သူသည် နာဇီတို့၏ အကြမ်းဖက်မှုနှင့် လူသတ်မှု ယန္တရားကို ကူညီပေးရာ ရောက်ခဲ့ကြောင်း တရားသူကြီးက ပြောသည်။

“ခင်ဗျားဟာ ခင်ဗျားရဲ့ လုပ်ဆောင်ချက်နဲ့အတူ ဒီလိုမျိုး လူအမြောက်အမြားကို သတ်ဖြတ်ရာမှာ လိုလိုလားလား ထောက်ကူပေးခဲ့တာဖြစ်တယ်။ ခင်ဗျားဟာ အဲဒီ သုံးနှစ်ကာလအတွင်း နေ့စဉ်နေ့တိုင်း လူတွေ ရက်စက်စွာ ညှဥ်းပန်းနှိပ်စက်ခံရတာတွေ၊ အဲဒီမှာ သတ်ဖြတ်ခံရတာတွေကို မြင်တွေ့ခဲ့သူဖြစ်တယ်” ဟု တရားသူကြီး လက်ချ်တာမန်းက ပြောသည်။

တရားလိုရှေ့နေများသည် အဆိုပါ အဘိုးအို၏ အမည်၊ မွေးရက်၊ မွေးဖွားရာနေရာတို့ ပါသည့် အကျဉ်းစခန်းအစောင့်ဝန်ထမ်းတစ်ဦး ဆိုသည်နှင့် စပ်လျဉ်းသည့် အထောက်အထားစာရွက်စာတမ်းများနှင့် အခြား စာရွက်စာတမ်းများကို ယခုအမှုတွင် အခြေပြုထားခဲ့သည်။

ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ကလည်း တရားလိုဘက်၏ တောင်းဆိုချက်နှင့်အညီ ဖြစ်ခဲ့သည်။

တရားခံဖြစ်သည့် အဘိုးအို တရားသေလွတ်မြောက်ရေး ၎င်း၏ ရှေ့နေက ကြိုးပမ်းခဲ့သည်။ ပြစ်ဒဏ် ကြေညာပြီးနောက် ၎င်းအနေဖြင့် တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်သွားမည်ဟု တရားခံရှေ့နေ စတီဖန် ဝါတာကမ့်က ပြောကြောင်း dpa က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly