ဒုံးကျည်တိုက်ခိုက်ခံရသည့် ရှော့ပင်းစင်တာသို့ ကုလသမဂ္ဂ လာရောက်ရန် ဇယ်လန်စကီး တောင်းဆို 

ဒုံးကျည်တိုက်ခိုက်ခံရသည့် ရှော့ပင်းစင်တာသို့ ကုလသမဂ္ဂ လာရောက်ရန် ဇယ်လန်စကီး တောင်းဆို 
Photo - AFP

ဇွန် ၂၉

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးသည် ကုလသမဂ္ဂအနေဖြင့် ခရီမန်ချက်မြို့က ရှော့ပင်းစင်တာတစ်ခု ဒုံးကျည်တိုက်ခိုက်ခံရသည့် နေရာသို့ လာရောက်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ အင်္ဂါနေ့က မိန့်ခွန်းပြောရာတွင် တောင်းဆိုလိုက်သည်။ 

လက်ရှိအထိ စစ်ပွဲအတွင်း သေဆုံးသူများအတွက် တစ်မိနစ် ငြိမ်သက်ပေးရန် ရုရှအပါအဝင်ဖြစ်သော ကောင်စီအဖွဲ့ဝင်များကို ကိယက်ဗ်မြို့မှနေ၍ အွန်လိုင်းဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောရာတွင် ယူကရိန်းခေါင်းဆောင်က တိုက်တွန်းသည်။ 

“ကျွန်တော်အနေနဲ့ အထူးကိုယ်စားလှယ်ဖြစ်ဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုပဲ ဖြစ်ဖြစ် စေလွှတ်ပေးဖို့ ကုလသမဂ္ဂကို အကြံပြုချင်တယ်၊ ဒါမှပဲ အမှန်တကယ် ရုရှရဲ့ ဒုံးကျည်တိုက်ခိုက်တာကို ကုလသမဂ္ဂအနေနဲ့ လွတ်လပ်စွာ သတင်းအချက်အလက် ရှာဖွေနိုင်မှာဖြစ်သလို သိမြင်တွေ့ရှိမှာလည်း ဖြစ်တယ်”ဟု လူ ၁၈ ဦး သေဆုံးခဲ့ရသည့် တနင်္လာနေ့က ရှော့ပင်းစင်တာ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ဇယ်လန်စကီးက ပြောသည်။ 

တနင်္လာနေ့က ဒုံးကျည်တိုက်ခိုက်မှုကြောင့် ခရီမန်ချက်မြို့က လူစည်ကားသော ရှော့ပင်းစင်တာ၌ မီးလောင်ခဲ့ပြီးနောက် လုံခြုံရေးကောင်စီ၏ အရေးပေါ် အစည်းအဝေးတွင် ဇယ်လန်စကီးက စကားပြောဆိုခြင်းပဲ ဖြစ်သည်။ 

ထိုဖြစ်ရပ်၌ လူ ၁၈ ဦး သေဆုံးသည့်အပြင် ဒါဇင်များစွာ ဒဏ်ရာရပြီး တော်တော်များများ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောထားသည်။ 

ရုရှစစ်တပ်ကမူ အနီးနားက လက်နက်ဂိုထောင်တစ်လုံးကိုသာ ဒုံးကျည်ထိမှန်ခြင်း ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရှော့ပင်စင်တာတွင် မီးလောင်ရခြင်းဖြစ်သည်ဟု အင်္ဂါနေ့ အတည်ပြုဆိုသည်။ ယင်းသို့ မီးလောင်ချိန်၌လည်း ရှော့ပင်းစင်တာသည် ပိတ်ထားသည့်အချိန်ဖြစ်သည်ဟု ရုရှက ပြောသည်။ 

သို့ရာတွင် ဒေသခံများကမူ ရုရှ၏ ပြောဆိုချက်များကို ပယ်ချပြီး ယင်း ဧရိယာအတွင်း မည်သည့် လက်နက်သိုလှောင်မှုမှ မရှိကြောင်း အေအက်ဖ်ပီသို့ ပြောကြသည်။ 

ကုလသမဂ္ဂဆိုင်ရာ ရုရှလက်ထောက်သံအမတ်ကြီးက အဆိုပါအတည်ပြုပြောဆိုချက်များကို အင်္ဂါနေ့တွင် လုံခြုံရေးကောင်စီ၌ ထပ်မံပြောဆိုပြီး ကုလသမဂ္ဂအနေဖြင့် သမ္မတ ဇယ်လန်စကီးအတွက် နေတိုးဆီမှ လက်နက်များ ပိုမိုရရှိရေး အသုံးချခံပလက်ဖောင်း မဖြစ်သင့်ကြောင်း ပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required