မြေလွတ်မြေရိုင်းဖော်ထုတ်သည့် စီမံကိန်း ရပ်တန့်ပေးရန် ဒေသခံ ၅၀၀ကျော် မြင်းခြံ၌ ဆန္ဒပြ

မြေလွတ်မြေရိုင်းဖော်ထုတ်သည့် စီမံကိန်း ရပ်တန့်ပေးရန် ဒေသခံ ၅၀၀ကျော် မြင်းခြံ၌ ဆန္ဒပြ

မန္တလေး၊ ဖေဖော်ဝါရီ ၁၀ ။           ။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာရှိ ဒေသခံများ အားကိုးအသုံးပြုလျက်ရှိသည့် ဒေသအခေါ် မြနန္ဒာကန်ကို တိုင်းဒေသကြီးအစိုးအဖွဲ့၏ ရန်ပုံငွေဖြင့် မြေလွတ်မြေရိုင်းဖော်ထုတ်သည့် စီမံကိန်း ဆက်လက်မပြုလုပ်ရန်နှင့် ရပ်တန့်ပေးရန်အတွက် ဒေသခံ ၅၀၀ကျော်က ဖေဖော်ဝါရီလ ၁၀ ရက်၊ နံနက် ၉ နာရီတွင် မြင်းခြံမြို့ပေါ်တက်ကာ ဆန္ဒပြခဲ့သည်ဟု ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သူ ကိုရဲမြင့်က မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့တစ်ရွာလုံး ဒီကန်ကိုအားကိုးပြီး အသက်ရှင်နေရတာပါ။ သောက်သုံးရေနဲ့ စိုက်ပျိုးရေလည်း ဒီကန်ကိုပဲ အားထားရတာပါ။ ဒီလောက်ရေရှားနေတဲ့ဒေသကို အခုလို မြေလွတ်မြေရိုင်း စီမံချက်ဆိုပြီး ကန်ဖျက်ဖို့လုပ်တာကို လုံးဝလက်မခံဘူး။ ဒါကြောင့် အားလုံးဆန္ဒပြကြတာပါ။"ဟု ကိုရဲမြင့်က ပြောသည်။

အဆိုပါဆန္ဒပြသူများသည် ဗိုလ်ချုပ်ကြေးရုပ်မှစတင်၍ မြင်းခြံမြို့ကိုပတ်၍ ဗောဓိတစ်ထောင်ကွင်းအထိ ချီတက်ခဲ့ပြီး "မြနန္ဒာဆည်အတွင်း မြေလွတ်မြေရိုင်းများ ဖော်ထုတ်နေမှု ရပ်ဆဲရေး၊ ဆားခါးကျေးရွာသောက်သုံးရေ မပျက်ဆီးရေး၊ဆားခါးကျေးရွာ မြနန္ဒာဆည် မပျက်ဆီးရေး တို့အရေး၊တို့အရေး" ဟူ၍ ကြွေးကြော်ခဲ့ကြသည်။

အဆိုပါကန်နေရာကို ၂၀၁၅ခုနှစ် နိုဝင်ဘာလ စတင်၍ လာရောက်လုပ်ကိုင်နေစဉ်ပင် ဒေသခံများ ကန့်ကွက်ထားသော်လည်း ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်တွင် စက်ယန္တယားများဖြင့် လာရောက်လုပ်ကိုင်နေခြင်း ထပ်မံတားဆီးခဲ့ပြီး ဆက်လက်မလုပ်ဆောင်ရန်နှင့် ရပ်တန့်ပေးရန်အတွက် ဆန္ဒပြခြင်းဖြစ်သည်ဟု ဦးဆောင်သူများနှင့် ဆန္ဒပြသူများကဆိုသည်။

အသက် ၆၅ နှစ်အရွယ် ဒေါ်အေးမယ်က"ရေမရှိဘဲ။ မြေရှိအောင်လုပ်တယ်ဆိုတာ သူတို့က ဘာများစိုက်ကြမှာလဲ။အမေတို့ကတော့ရှင်းရှင်းပဲ။ မြေလည်းမလိုဘူး။ ငွေလည်းမလိုဘူး။ ရေပဲ။ ဒီရေလေးကို မှီခိုပြီးသုံးနေတာကို ကန်ဖျက်မြေဖော်မယ်ဆိုတော့ အမေတို့ကို သတ်တာနဲ့အတူတူပဲ။"ဟုပြောသည်။

အဆိုပါ ကန်မှရေကို ဆားခါးကျေးရွာအနီးရှိ ကူရွာ၊ဂွေးပင်ရိုး၊ နှမ်းရွာ၊ စံဦးကျေးရွာတို့မှ ဒေသခံများကလည်း အသုံးပြုနေရသည်ဟု ဆန္ဒပြသူများကဆိုသည်။

ဆန္ဒပြရာတွင်ပါဝင်သည့် ဂွေးပင်ရိုးရွာမှ ကိုလှမင်းကလည်း "သောက်ရေသုံးရေကို ဆားခါးက ကန်ကိုပဲ အားကိုနေရတယ်။အဲဒီကန်ပျောက်တာနဲ့ ဆားခါးရွာတစ်ရွာတည်း ဒုက္ခရောက်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရွာတွေပါ ဒုက္ခရောက်သွားမှာပါ။ကျွန်တော်တို့ဘက်ကိုရောက်ဖူးတဲ့သူတိုင်း ရေအခြေအနေကိုသိပါတယ်။"ဟုပြောသည်။

ဆန္ဒပြခြင်းကို ဖေဖော်ဝါရီလ ၁၁ ရက်တွင် နံနက် ၉ နာရီမှစတင်ပြီး ဒုတိယအကြိမ်အဖြစ် ဆက်လက်ပြုလုပ်မည်ဟု ဦးဆောင်သူများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly