ရှီကျင့်ဖျင်နှင့် တရုတ်၏အာဏာရှင်ဆန်သောနိုင်ငံရေး

ရှီကျင့်ဖျင်နှင့် တရုတ်၏အာဏာရှင်ဆန်သောနိုင်ငံရေး

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သမ္မတတာဝန်စတင်ထမ်းဆောင်ချိန်မှစ၍ ကေဒါများအကြား လိုက်နာရမည့် စည်းကမ်းအမျိုးမျိုးကို ထုတ်ပြန်ခဲ့သလို သဘောထားကွဲလွဲမှု မှန်သမျှကို ဖျက်ဆီးရန်နှင့် ၎င်း၏အာဏာရှင် မူဝါဒများအတွက် ထောက်ခံမှုရယူရန် လူထုကိုယ်စားပြုသည့် အစီအမံများကို အသုံးပြုခဲ့သည်။

ရှီ၏ အလှမ်းကျယ်လှသော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုသည် ၎င်း၏ နိုင်ငံရေး ပြိုင်ဘက်များနှင့် အငြိမ်းစား တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် အများအပြားကို ပစ်မှတ်ထားခဲ့သည်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုသည် ရှီအား ခေါင်းမာသောခေါင်းဆောင်တစ်ဦးအဖြစ် အမှတ်အသားဖြစ်စေခဲ့သည်ဟု ဘရီဂျက်ရှ်ဝါဒါဟီရာက တရုတ်နိုင်ငံနှင့်အာရှဆိုင်ရာ သုတေသနတွင် ရေးသားထားသည်။

ရှီသည် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဖြစ်လာပြီးနောက် တရုတ်နိုင်ငံတွင် အင်တာနက် ဆင်ဆာဖြတ်တောက်မှု သိသိသာသာ တိုးလာခဲ့သည်။ ရှီကျင့်ဖျင်၏အစိုးရသည် 'အင်တာနက် အချုပ်အခြာ အာဏာ' ဟူသောစည်းမျဉ်းကိုသုံးလျက် အင်တာနက်အသုံးပြုမှုအပေါ် တင်းကျပ်သောကန့်သတ်မှုများ ချမှတ်ထားပြီး တရုတ်နိုင်ငံသည် Google၊ Facebook နှင့် Wikipedia ကဲ့သို့သော နိုင်ငံတကာ ပလက်ဖောင်းများအသုံးပြုမှုကို ဆင်ဆာဖြတ်ထားသည်။

တရုတ်အစိုးရသည် ၂၀၁၃ ခုနှစ်တွင် Weibo နှင့် WeChat ကဲ့သို့သော လူသုံးများသည့် တရုတ်လူမှု မီဒီယာပလက်ဖောင်းများတွင် အသရေဖျက်သောအကြောင်းအရာများ မျှဝေခြင်းမပြုရန် ဘလော့ဂါများအား တားမြစ်သောဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ကာ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ် ချမှတ်မည်ဖြစ်သည်။

ရှီကျင့်ဖျင်လက်ထက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အထူးသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းရင်းသားလူနည်းစုဒေသများတွင် လူထုစောင့်ကြည့်ခံရခြင်းနှင့် ရှင်ကျန်းရှိ ဝီဂါမွတ်စလင်များအား ထိန်းသိမ်းရေးစခန်းများသို့ ပို့ခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးလာကြောင်း လေ့လာသူများက သတိပြုမိခဲ့ကြသည်။

တိုင်းရင်းသားလူနည်းစုများသာမက ဟောင်ကောင်သည်လည်း ရှီ၏ပစ်မှတ်ဖြစ်လာသည်။ ရှီသည် တစ်နိုင်ငံ စနစ်နှစ်မျိုးမူအောက်၌ ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို စနစ်တကျ ဖျက်ဆီးနေသည်။ ရှီကျင့်ဖျင်လက်ထက်၌ တရုတ်နိုင်ငံတွင် လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားလာကာ တက်ကြွလှုပ်ရှားသူများ၊ ရှေ့နေများနှင့် သတင်းထောက်များအပေါ် တိုက်ခိုက်မှု တိုးမြှင့်ခဲ့သည်။

စာရေးသူ၏အဆိုအရ CCP သည် ဘာသာရေးကို ၎င်းအာဏာအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်သည်။ ၎င်းတို့သည် တိဗက်နှင့် ဝီဂါလူမျိုးများ၏ ဘာသာရေးလွတ်လပ်ခွင့်ကို ဖိနှိပ်ရန် ကြိုးစားခဲ့ကြသည်။ ရှီကျင့်ဖျင်အစိုးရအသုံးပြုသည့် နည်းလမ်းများအနက်တစ်ခုမှာ ဘာသာရေး အထိမ်းအမှတ် အဆောက်အအုံများကို ဖျက်ဆီးရန် သို့မဟုတ် ဝီဂါဗလီများနှင့် တိဗက်ဘုန်းတော်ကြီးကျောင်းများတွင် ရှီကျင့်ဖျင်၏ နဖူးစည်းစာတန်းများ ထားရှိခြင်း ဖြစ်သည်။

ဒါဟီရာ၏ အဆိုအရ တရုတ်နိုင်ငံသည် ပိုမိုရန်လိုလာပြီး တစ်ခါတစ်ရံ အိန္ဒိယ၊ ဂျပန်နှင့် အရှေ့တောင်အာရှနိုင်ငံများကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့်ပတ်သက်ပြီး နယ်မြေပိုင်ဆိုင်မှုကို အခိုင်အမာပြောဆိုရာတွင် ကြမ်းတမ်းလာသည်။ ထိုင်ဝမ်လေပိုင်နက်အတွင်း ကျုးကျော်ဝင်ရောက်မှုသည် အထူးသဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်းတွင် များပြားလာပြီး လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အတွင်းသို့ ချင်းနင်းဝင်ရောက်မှု ၉၆၉ ကြိမ် ရှိခဲ့သည်ဟု ထိုင်ဝမ်က ဆိုသည်။

ငြိမ်းချမ်းစွာကြိုးပမ်းအားထုတ်မှုဖြင့် မအောင်မြင်ပါက ထိုင်ဝမ်ကို သိမ်းပိုက်ရန် အင်အားအသုံးပြုသည့်နည်းလမ်းကို ရွေးချယ်သွားမည်ဟု ရှီလက်ထက် တရုတ်အစိုးရက ကြောက်ခမန်းလိလိ ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly