တရုတ်က မြန်မာနိုင်ငံတွင် လမ်းဟောင်းအတိုင်း ပြန်လျှောက်လှမ်းနေ

တရုတ်က မြန်မာနိုင်ငံတွင် လမ်းဟောင်းအတိုင်း ပြန်လျှောက်လှမ်းနေ

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု၏ အရေးပါဆုံးသော ရှုထောင့်များအနက်တစ်ခုမှာ တရုတ်က အကြံပေးများနှင့် စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ခြင်းဖြင့် စစ်တပ်ကို ချက်ချင်းလက်ငင်းပံ့ပိုးပေးမှု ပြုလုပ်ခဲ့သည်။ မြန်မာစစ်တပ်နှင့် တရုတ်နိုင်ငံ၏ ချိတ်ဆက်မှုသည် သမိုင်းဝင်ဖြစ်သည်ဟု ဆိုရမည်ဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် ဆက်ဆံရေးအကြား ကြားဖြတ်ဝင်ရောက်ခဲ့ခြင်းမျှသာ ဖြစ်ခဲ့သည်။

တရုတ်နိုင်ငံသည် လုံခြုံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအားဖြင့် အိန္ဒိယ၏ အကျိုးစီးပွားကို ထိခိုက်စေရန် မြန်မာစစ်တပ်ကို အသုံးချခဲ့သည်။ လာမည့်ကာလများအတွင်း မြန်မာနိုင်ငံတွင် အခြေအနေ မည်သို့ပင်ပြောင်းလဲစေကာမူ စစ်အာဏာရှင်အစိုးရအား ထောက်ခံအားပေးမည်ဟု ကတိပြုထားသည့် တရုတ်၏ မကြာသေးမီက ထုတ်ပြန်ချက်၏ နောက်ကွယ်တွင် ယင်းလုပ်ရပ်များကို မြင်တွေ့နိုင်သည်။

သံတမန်ရေးတွင် မြန်မာနိုင်ငံကို အရေးကြီးသော အနေအထားတွင် အမြဲတမ်း ထားရှိကာ တရုတ်-မြန်မာအသိုက်အဝန်းကိုခိုင်မာရန် ဖလှယ်မှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများ အလေးအနက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဧပြီ ၄ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် တရုတ်က ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။

တရုတ်၏ထုတ်ပြန်ချက်သည် ကျယ်ပြန့်လှသော ညွန့်ပေါင်းအဖွဲ့များ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ပြင်းထန်သော ခုခံမှုကို ဆက်လက်ရင်ဆိုင်နေရသည့် မြန်မာစစ်တပ်အား ထောက်ခံသည့် အပြတ်သားဆုံး အချက်ပြမှုဖြစ်သည်။

မြန်မာစစ်တပ်အပေါ် တရုတ်ကတိကဝတ်၏ အနှစ်သာရမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ခါးပတ်လမ်း ရပ်ဝန်း စီမံကိန်း၏ မဏ္ဍိုင်ခွဲဖြစ်သည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မြန်မာ့ အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းအထိ ကုန်းလမ်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးစင်္ကြံဖန်တီးရန် ဖြစ်သည်။

တရုတ်နိုင်ငံသည် စစ်အုပ်စုနှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကျောထောက်နောက်ခံပြုရန် အစပိုင်းတွင် ချီတုံချတုံဖြစ်နေခဲ့သည်။ သို့သော် ရန်ကုန်စက်မှုဇုန်ရှိ စက်ရုံများအပါအဝင် တရုတ်ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုက်ခိုက်ခံရမှုက နိုင်ငံတွင်း မတည်မငြိမ်ဖြစ်မှုအပေါ် စိုးရိမ်မှုမြင့်တက်လာသော တရုတ်နိုင်ငံအတွက် အဓိက အချိုးအကွေ့ တစ်ခုဖြစ်စေခဲ့သည်။ စစ်အာဏာသိမ်းမှုအပြီး တရုတ်သံရုံးအပြင်ဘက်တွင် ဆန္ဒပြမှုများနှင့် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များမြင့်တက်လာမှုက ၎င်းတို့၏ စိုးရိမ်မှုများကို ပိုတိုးလာစေခဲ့သည်။ 

ရလဒ်အနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ်အဖြစ် ကိုယ့်ကိုယ်ကိုယ်ခန့်အပ်သည့် ၂၀၂၁ ခုနှစ် သြဂုတ်လတွင် တရုတ်အရာရှိများသည် စစ်တပ်နှင့်ဆက်ဆံရေး ပြန်လည်အသက်သွင်းရန်စတင်ခဲ့သည်။ ရန်ကုန်မြို့ရှိ တရုတ်အာဏာပိုင်များနှင့် စီးပွားရေး မဲဆွယ်စည်းရုံးသူသည် စစ်အရာရှိများနှင့် လူသိရှင်ကြား ထိတွေ့ဆက်ဆံပြီး စီးပွားရေးအခွင့်အလမ်းများကို မြှင့်တင်လာကြသည်။ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံမှ တစ်ပတ်ရစ် Ming အတန်းအစား ရေငုပ်သင်္ဘော မင်းရဲကျော်ထင်ကို မြန်မာရေတပ်ထံ ပေးအပ်ခဲ့သဖြင့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ရေငုပ်သင်္ဘောတစ်စီးကို ရယူနိုင်သည့် ပထမဆုံးနိုင်ငံဖြစ်လာသည်။

ရုရှားနိုင်ငံနှင့်အတူ တရုတ်သည် တိုက်လေယာဉ်များနှင့် သံချပ်ကာယာဉ်များကို မြန်မာစစ်တပ်သို့ ပေးအပ်ခဲ့သည်။ တရုတ်နိုင်ငံသည် ၎င်း၏ အကျိုးစီးပွားကို ဦးစားပေးသည့် လွတ်လပ်သော ငြိမ်းချမ်းရေးနိုင်ငံခြားရေးမူဝါဒကို ဆက်လက်ဆွဲကိုင်ထားပြီး နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်း သို့မဟုတ် အခြားပြည်တွင်းရေးအငြင်းပွားမှုများကို အနည်းငယ်မျှ သို့မဟုတ် လုံးဝထည့်သွင်းစဉ်းစားခြင်းမရှိပေ။

လက်ရှိအခြေအနေတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးမဟာဗျူဟာ နယ်ပယ်သုံးရပ်သည် ဆက်ဆံရေးကို ပုံဖော်ထားသည်။ ပထမဆုံး ကနဦးအဆင့်မှာ ဒစ်ဂျစ်တယ်ယွမ်ငွေဖြစ်သည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုအတွက် တရားဝင်ငွေကြေးအဖြစ် ယွမ်ငွေအသုံးပြုရေးသဘောတူညီချက်ရယူခဲ့ကာ ဒစ်ဂျစ်တယ်ယွမ်သည် ကုန်သွယ်မှုတွင် အမေရိကန် ဒေါ်လာအပေါ် မှီခိုနေရမှုကို လျှော့ချရန်နှင့် SWIFT နိုင်ငံတကာ ငွေပေးချေမှုစနစ်ဆိုင်ရာ ကန့်သတ်ချက်အလားအလာများကို လျော့ပါးစေရန် ကြိုးပမ်းရာတွင် မြန်မာနိုင်ငံကို အထောက်အကူဖြစ်စေသည်။

ဒုတိယနယ်ပယ်မှာ မြန်မာနိုင်ငံ၏ လက်လီကဏ္ဍဖြစ်ပြီး ယခုအခါ တရုတ်ပုဂ္ဂလိကကဏ္ဍ၏ မဟာဗျူဟာမြောက် ရှေ့တန်းဖြစ်လာသည်။ တရုတ်နိုင်ငံမှ Alibaba ပိုင်ဆိုင်သည့် အွန်လိုင်းစီးပွားရေးပလက်ဖောင်း shop.com.mm သည် အထူးသဖြင့် ၂၀၂၁ ခုနှစ် ငွေသားအကျပ်အတည်းအတွင်း ဒစ်ဂျစ်တယ်ငွေပေးချေမှုများကို ခွင့်ပြုလိုက်ခြင်းဖြင့် မြန်မာနိုင်ငံဈေးကွက်တွင် ရှယ်ယာအများစုကို ပိုင်ဆိုင်ထားပြီဖြစ်သည်။

တတိယအချက်မှာ တရုတ်သည် Myancopharm အမှတ်တံဆိပ်ဖြင့် တရုတ်နိုင်ငံလုပ် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်သည့် နည်းပညာကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

ပြိုင်ဘက်အနည်းငယ်သာရှိသဖြင့် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ သံခင်းတမန်ခင်းသည် အောင်မြင်မှုရလာကာ အိန္ဒိယမှ သွင်းကုန်များ လွှမ်းမိုးထားဆဲဖြစ်သည့် မြန်မာ့ ဆေးဝါးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် တရုတ်ဆေးဝါးကုမ္ပဏီများကို လမ်းဖွင့်ပေးနိုင်ခဲ့သည်။

တရုတ်သည် ဖွံ့ဖြိုးရေးစီမံကိန်း ၂၁ ခုအတွက် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ သန်း ထောက်ပံ့ပေးရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးထားသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး မီးလင်းချိုင်ရှိ တရုတ်ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ သဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ်စီမံကိန်းကို စစ်ကောင်စီက အတည်ပြုခဲ့သည်။

တရုတ်ရင်းနှီးမြုပ်နှံမှုများသည် စစ်အုပ်စုအား တရားဝင်မှုအရိပ်အယောင်ကို ပေးစွမ်းနေပြီး တနည်းအားဖြင့် အခြားရင်းမြစ်များမှ ရင်းနှီးမြှုပ်နှံမှုများကို ဖြတ်တောက်ရာရောက်သည်။

အာဏာသိမ်းမှုသည် မြန်မာနိုင်ငံတွင် တရုတ်၏ပါဝင်မှုကို အားကောင်းစေသော်လည်း အရှေ့တောင်အာရှရှိ အိန္ဒိယ၏ စီးပွားရေးနှင့် လုံခြုံရေး အကျိုးစီးပွားများကို သိသိသာသာ ထိခိုက်စေခဲ့သည်။

ထို့ပြင် မြန်မာစစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအကြား တိုက်ပွဲများသည် အိန္ဒိယနယ်စပ်ရှိ မြန်မာနိုင်ငံ အနောက်ဘက်နှင့် မြောက်ဘက်တွင် ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပေါ်စေခဲ့သည်။ ရက်စက်ကြမ်းကြုတ်ပြီး သက်ဦးဆံပိုင်စနစ်ကျင့်သုံးသော စစ်ကောင်စီကို တရုတ်က မျက်စိမှိတ်ထောက်ခံ နေမှုသည် မြန်မာနိုင်ငံ၏အခြေအနေကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။ တရုတ်၏ ဩဇာအာဏာအရှိန်အဝါချဲ့သည့် ရည်မှန်းချက်သည် မြန်မာပြည်သူများနှင့် ၎င်းတို့၏ ဒီမိုကရေစီမျှော်မှန်းချက်များအတွက် ခြိမ်းခြောက်မှု တစ်ခုပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required