ထီးလင်းမြို့၌ စစ်တပ်နှင့်ရဲ အချင်းများသည့်ဖြစ်စဉ်အတွင်း ရဲမှူးဓားထိုးခံရ ပြည်သူ ၃ ဦးသေဆုံး

ထီးလင်းမြို့၌ စစ်တပ်နှင့်ရဲ အချင်းများသည့်ဖြစ်စဉ်အတွင်း ရဲမှူးဓားထိုးခံရ ပြည်သူ ၃ ဦးသေဆုံး

ဇွန် ၂၈

မကွေးတိုင်း ထီးလင်းမြို့ပေါ်တွင် ဇွန်လ ၂၆ရက်နေ့ ညနေ ၅နာရီဝန်းကျင်ခန့်က စစ်တပ်နှင့်မြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များ သောက်စားမူးယစ်ပြီးအချင်းချင်းစကားများကြရာမှ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ကြရာ မြို့ပေါ်ရှိပြည်သူ သုံးဦးခန့်သေဆုံးပြီး တစ်ဦးမှာအပြင်းအထန် ဒဏ်ရာရရှိသည်ဟု YDF Battalion-15 (Shwe Som Nyo) အဖွဲ့မှ ထုတ်ပြန်ထားရှိသည်။

နောက်ဆက်တွဲသတင်းများအရ အဆိုပါစစ်ကောင်စီတပ်များနှင့် ရဲများအချင်းများသည့် ဖြစ်စဉ်တွင် ဝင်ရောက်ဖြန်ဖြေသည့် ထီးလင်းမြို့နယ်ရဲမှူးမှာ ဓားထိုးခံခဲ့ရကြောင်းလည်း သိရသည်။

''ထီးလင်းမြို့နယ်ထဲမှာရှိတဲ့ ဆေးမင်းတောကနေ ပြောင်းလာတဲ့ ရဲတွေနှင့်စစ်ကောင်စီတပ်တွေ မြို့ပေါ်မှာအချင်းများပြီး ပစ်ခတ်မှုဖြစ်တော့ ရဲတွေက ထွက်ပြေးကြတယ်။အဲဒီဖြစ်စဉ်မှာ ဝင်ရောက်ဖြန်ဖြေတဲ့ ထီးလင်းမြို့နယ်ရဲမှူးက ဓားထိုးခံလိုက်ရတယ်။အသေးစိတ်ကိုတော့ မသိရသေးဘူး၊စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီးတော့ ပြည်သူနှစ်ဦးသေဆုံးပြီး တစ်ဦးကတော့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ် "ဟု မြေပြင်ရှိသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ရက်ကလည်း ထီးလင်းမြို့နယ်၊ ကျင်းနယ်မြေရဲစခန်းကို PDF များ စီးနင်းတိုက်ခိုက်စဉ် စခန်းမှူး အောင်ကျော်စိန် သေဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၁၅ ဦး လက်နက်ချ အညံ့ခံ ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

#mizzima

#ထီးလင်းမြို့နယ်

#အချင်းများ

#မြို့နယ်ရဲမှူး

#ဓားထိုးခံလိုက်ရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly