ခရိုင်းမီးယားကို နေတိုးအုပ်စု ထိပါးပါက တတိယကမ္ဘာစစ်ဆီ ဦးတည်သွားနိုင်ဟု ရုရှသမ္မတဟောင်း ပြော

ခရိုင်းမီးယားကို နေတိုးအုပ်စု ထိပါးပါက တတိယကမ္ဘာစစ်ဆီ ဦးတည်သွားနိုင်ဟု ရုရှသမ္မတဟောင်း ပြော
Deputy Chairman of Russia's Security Council Dmitry Medvedev attends a military parade on Victory Day, which marks the 77th anniversary of the victory over Nazi Germany in World War II, in Red Square in central Moscow, Russia, on May 9, 2022. (Photo: Sputnik/Ekaterina Shtukina/Pool via REUTERS)

ဇွန် ၂၈

နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက ခရိုင်းမီးယားကျွန်းဆွယ်ကို ဝင်ရောက်စွက်ဖက် ထိပါးမည်ဆိုပါက ယင်းသည် ရုရှကို စစ်ကြေညာသည့် သဘောသက်ရောက်နိုင်ပြီး ယင်းကနေတစ်ဆင့် “တတိယကမ္ဘာစစ်” ဆီ ဦးတည်သွားနိုင်ကြောင်း ရုရှသမ္မတဟောင်း ဒီမစ်ထရီ မက်ဗီဒက်ဗ်က ဇွန်လ ၂၇ ရက်တွင် ပြောသည်။

“ကျွန်တော်တို့အတွက်ကတော့ ခရိုင်းမီးယားဟာ ရုရှရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အဲဒါက အမြဲထာဝရလို့ ဆိုလိုပါတယ်။ ဒါကြောင့် ခရိုင်မီးယားကို ထိပါးဖို့ ကြိုးစားမှုမှန်သမျှကတော့ ကျွန်တော်တို့နိုင်ငံကို စစ်ကြေညာတာပဲ ဖြစ်တယ်” ဟု မက်ဗီဒက်ဗ်က ပြောကြောင်း သတင်းဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သည့် Argumenty I Fakty က ကိုးကားဖော်ပြသည်။

“နောက်ပြီးတော့ ဒါကို နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက လုပ်တယ်ဆိုရင် ဒါဟာ မြောက်အတ္တလန္တိတ်မဟာမိတ်အဖွဲ့တစ်ခုလုံးနဲ့ ပဋိပက္ခအဖြစ် အဓိပ္ပါယ်ထွက်ပါလိမ့်မယ်။ တတိယကမ္ဘာစစ်တစ်ခုပေါ့။ လုံးလုံးလျားလျား ရုတ်တရက်ဖြစ်ပွားတဲ့ ကပ်ဘေးတစ်ခု ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

အကယ်၍ ဖင်လန်နှင့် ဆွီဒင် တို့က နေတိုးအဖွဲ့ထဲ ဝင်ရောက်သွားပါက ရုရှအနေဖြင့် နယ်စပ်များကို ပိုမို အားကောင်းအောင် ဖြည့်တင်းသွားမည် ဖြစ်သလို “လက်တုံ့ပြန် လုပ်ဆောင်ချက်များ” လုပ်ဆောင်ရန် အသင့်ရှိနေလိမ့်မည်ဟု မက်ဗီဒက်ဗ်က ပြောသည်။ ယင်းတွင် အထက်ပါနိုင်ငံများ၏ အနီးတွင် Iskander ဟိုက်ပါဆောနစ် ဒုံးကျည်များ တပ်ဆင်ထားရှိမည့် အလားအလာတစ်ခုလည်း ပါဝင်နိုင်သည်ဟု ရုရှ လုံခြုံရေးကောင်စီ ဒုဥက္ကဋ္ဌ ဖြစ်သည့် မက်ဗီဒက်ဗ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly