ယူကရိန်းဈေးဝယ်စင်တာ ရုရှဒုံးကျည်ထိမှန်၍ လူ ၁၆ ဦး သေဆုံး

ယူကရိန်းဈေးဝယ်စင်တာ ရုရှဒုံးကျည်ထိမှန်၍ လူ ၁၆ ဦး သေဆုံး

ဇွန် ၂၈

ယူကရိန်းနိုင်ငံအလယ်ပိုင်း ခရီမန်ချက်ခ်မြို့ရှိ လူစည်ကားရာ ဈေးဝယ်စင်တာတစ်ခုကို ဇွန်လ ၂၇ ရက်က ရုရှတို့ ပစ်လိုက်သည့် ဒုံးကျည်နှစ်စင်း ထိမှန်ခဲ့သည့်အတွက် လူ ၁၆ ဦးထက်မနည်း သေဆုံးပြီး အခြား ၅၉ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

တိုက်ခိုက်မှု ဖြစ်ချိန်က အဆိုပါ ဈေးဝယ်စင်တာ၌ လူ ၁,၀၀၀ ကျော်ခန့် ရှိနေခဲ့သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသည်။ ဒုံးကျည်ထိမှန်မှုကြောင့် ထိုဈေးဝယ်စင်တာ၌ အကြီးအကျယ် မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး မီးခိုးမည်းလုံးများ ကောင်းကင်ယံထက် တလိပ်လိပ် တက်နေခဲ့ကြောင်း မျက်မြင်တွေ့သူများက ပြောသည်။

အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ၅၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ယူကရိန်း အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောသည်။

အမိုးတစ်ခု ပြိုကျထားသည့် ဈေးဝယ်စင်တာတစ်ခု၏ မီးလောင်ကျွမ်းထားသည့် အခြေအနေကို ရိုက်တာ သတင်းထောက်တစ်ဦးက တွေ့မြင်ခဲ့သည်။ မီးသတ်သမားများနှင့် စစ်သားများသည် မီးကျွမ်းထားသည့် သတ္တု အပိုင်းအစများကို ဆွဲထုတ်ရှင်းလင်းနေခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေခဲ့ကြသည်။

ဈေးဝယ်စင်တာသည် မီးတောက်များဖြင့် ဝါးမြိုခံခဲ့ရပြီး မီးခိုးများ ထွက်ခဲ့ကာ မီးသတ်သမားများက မီးကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်ခဲ့ကြသည်။ ဝေဟင်မှ ရိုက်ထားသည့် ဓာတ်ပုံများအရ ယင်းအဆောက်အအုံသည် ကွေးကောက်လိမ်ပိန်နေသော သတ္တုအစုအပုံတစ်ခုအဖြစ် ရောက်ရှိသွားပြီး ကယ်ဆယ်ရေးလုပ်သားများက အပျက်အစီးပုံများအကြား လှန်လှောရှာဖွေလျက်ရှိသည်။

“ဘေးဒုက္ခခံရသူ အရေအတွက်ကို မှန်းကြည့်ဖို့တောင် မလွယ်ပါဘူး။ ရုရှဆီကနေ လူ့ကျင့်ဝတ်နဲ့ စာနာမှုကို မျှော်လင့်နေလို့လည်း အလကားပါပဲ” ဟု ဇယ်လန်စကီးက တယ်လီဂရမ် မက်ဆေ့ချ် အက်ပ် တွင် ရေးသည်။

ရုရှတို့ ဖေဖေါ်ဝါရီ ၂၄ ရက် ယူကရိန်းကို ကျူးကျော်မှု မတိုင်ခင်က ခရီမန်ချက်ခ်သည် လူဦးရေ ၂၁၇,၀၀၀ ခန့် ရှိသည့် စက်မှုမြို့တစ်မြို့ဖြစ်ပြီး ပေါလ်တာဗာဒေသ ဒီနိုက်ပရိုမြစ်နံဘေးတွင် တည်ရှိသလို ယူကရိန်း၏ အကြီးဆုံး ရေနံချက်စက်ရုံရှိရာ နေရာလည်း ဖြစ်သည်။

ကယ်ဆယ်ရေးသမားများက အပျက်အစီးအပုံများထဲ ဆက်လက် ရှာဖွေနေဆဲဖြစ်သည့်အတွက် အပြီးသတ် သေဆုံးသူစာရင်းကို ပြောရန် စောလွန်းနေသည်ဟု ပေါလ်တာဗာ ဒေသ အုပ်ချုပ်ရေးမှူး ဒီမစ်ထရို လူနင်က တယ်လီဂရမ်တွင် ရေးသည်။

“ဒါဟာ အရပ်သားတွေအပေါ် အကြမ်းဖက်မှု လုပ်ရပ်တစ်ခုပါ” ဟု ၎င်းက သီးခြား ပြောခဲ့ကာ အနီးအနားတွင်လည်း ရုရှတို့ ပစ်မှတ်ထားခဲ့နိုင်သည့် စစ်ရေးပစ်မှတ်မျိုး မရှိခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly