မြောက်ကိုရီးယားဂြိုဟ်တုမှ တွန်းဒုံးအစိတ်အပိုင်းပုံများ ထွက်ပေါ်လာ

မြောက်ကိုရီးယားဂြိုဟ်တုမှ တွန်းဒုံးအစိတ်အပိုင်းပုံများ ထွက်ပေါ်လာ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၀ ။         ။ ဖေဖော်ဝါရီလ ၇ရက်နေ့က မြောက်ကိုရီးယားမှ ပစ်လွှတ်ခဲ့သည့် တာဝေးပစ်ဒုံးပျံမှဟု ယူဆရသည့် အပျက်အစီးအပိုင်းအစ ဓာတ်ပုံများကို တောင်ကိုရီးယားက ထုတ်ပြန်ခဲ့သည်။

ထိုအပျက်အစီးအပိုင်းအစကို ကမ္ဘာဂြိုဟ်လေ့လာရေးဂြိုဟ်တု ကွမ်မြုံဆောင်း-၄ကို ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြုံယမ်းက ကြေညာပြီး မကြာမီတွင် ဂျယ်ဂျူးကျွန်း၏ အနောက်တောင်ဘက် ပင်လယ်ပြင်ထဲမှ တွေ့ရှိဆယ်ယူခဲ့ခြင်းပင် ဖြစ်သည်။ ထိုအပိုင်းအစကို လေ့လာစစ်ဆေးနေသည်ဟု တောင်ကိုရီးယားက ပြောကြားခဲ့သည်။

ဒုံးပျံ၏ ပင်မကိုယ်ထည်များ ကွဲကွာသွားသည့် တွန်းဒုံးမှာ အပိုင်းအစ ၂၇၀ခန့်အထိ ပေါက်ကွဲသွားသည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။ များပြားလှသည့် အပိုင်းအစအရေအတွက်ကို ထောက်ရှု၍ ဒုံးပျံ၏ ပထမအဆင့် တွန်းဒုံးမှာ သူ့ဖာသာဖျက်စီးပစ်သည့် ကိရိယာ အင်္ဂါရပ်နှင့် ကိုက်ညီသည်ဟု တောင်ကိုရီးယား ကာကွယ်ရေးအရာရှိများက ပြောကြားသည်။

ဂြိုဟ်တုလွှတ်တင်မှုမှာ တာဝေးပစ်ဒုံးကျည်စမ်းသပ်ရန်အတွက် ဟန်ပြသာဖြစ်သည်ဟု နိုင်ငံအတော်များများက ပြောကြားပြီး သတိပေးနေသည့်ကြားမှပင် မြောက်ကိုရီးယားက ဖေဖော်ဝါရီလ ၇ရက်နေ့တွင် ဒုံးပျံကို ပစ်လွှတ်ခဲ့သည်။

မြောက်ကိုရီးယားကမူ ငြိမ်းချမ်းသည့် သိပ္ပံသုတေသနရည်ရွယ်ချက်အတွက်သာ ဒုံးပျံကို ပစ်လွှတ်ခြင်းဖြစ်သည်ဟု ပြောကြားသည်။

အမေရိကန် အကြီးတန်းကာကွယ်ရေးအရာရှိတစ်ဦးက စီအင်အင်သို့ ပြောကြားရာတွင်မူ ဂြိုဟ်တုမှာ ပတ်လမ်းထဲတွင် ထိန်းမနိုင်သိမ်းမရဖြစ်နေပြီး ပုံမှန်အလုပ်များကို လုပ်ဆောင်နိုင်စွမ်းမရှိ    ဖြစ်နေသည်ဟု ဆိုသည်။ တောင်ကိုရီးယားကလည်း ဂြိုဟ်တုမှာ ပတ်လမ်းထဲသို့ ရောက်ရှိသွားသော်လည်း မည်သည့်အချက်ပြမျှ လက်ခံရရှိခြင်းမရှိကြောင်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly