ဟံသာဝတီကွင်းလယ်လူ မောင်မောင်လွင် ပေါင်ခြံဒဏ်ရာကြောင့် တစ်ပတ်နားရမည်

ဟံသာဝတီကွင်းလယ်လူ မောင်မောင်လွင် ပေါင်ခြံဒဏ်ရာကြောင့် တစ်ပတ်နားရမည်
ယခုနှစ် ဘောလုံးရာသီ လိဂ်ပွဲစဉ် တစ်ပွဲ၌ ဟံသာဝတီအသင်း ကွင်းလယ်ကစားသမား မောင်မောင်လွင်အား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဖေဖော်ဝါရီ ၉ ၊ ရန်ကုန်။          ။ ၂၀၁၆ ဘောလုံးရာသီတွင် ဟံသာဝတီအသင်း၌ ခြေစွမ်းပြကစားနေသည့် အဓိက ကွင်းလယ်လူမောင်မောင်လွင်သည် ပေါင်ခြံဒဏ်ရာကြောင့် တစ်ပတ်ခန့် အနားယူရမည် ဟု ဟံသာဝတီအသင်းမန်နေဂျာ ဦးထွန်းထွန်းလင်း က ပြောသည်။

မောင်မောင်လွင်သည် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၅) ပွဲစဉ်အဖြစ် ဟော်ရဇွန်အသင်းနှင့် ကစားသည့်ပွဲ၌ ပြိုင်ဘက်နောက်ခံလူနှင့် ထိခိုက်မိကာ ပေါင်ခြံဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ယင်းဒဏ်ရာကြောင့် လာမည့် ရခိုင်အသင်းနှင့်ပွဲကို လွဲချော်မည် ဖြစ်သည်။

 “ မောင်မောင်လွင်က ပြီးခဲ့တဲ့ ပွဲတုန်းက ထိသွားတာပါ။ ဆရာဝန်နဲ့ ပြန်စစ်ကြည့်လိုက်တော့ တစ်ပတ်လောက်နားရမယ် ပြောပါတယ်။ လာမယ့် ရခိုင်နဲ့ပွဲမှာ သူ့ကို မသုံးတော့ပါဘူး။ တော်ကြာ ပိုနာသွားမှာစိုးလို့ပါ။

အသင်းမှာ လောလောဆယ်တော့ ကျော်ဇေယျလည်း ဒဏ်ရာရနေပါတယ်။ ကျန်တဲ့ကစားသမားတွေနဲ့ပဲ အသင်းကို အကောင်းဆုံးဖြစ် အောင် ပြင်ဆင်သွားမှာပါ ” ဟု ဦးထွန်းထွန်းလင်း က ပြောသည်။

ဟံသာဝတီကွင်းလယ်ကစားသမားမောင်မောင်လွင်သည် လက်ရှိတွင် အသင်းနှင့်အတူ ခြေစွမ်းပြကစားနိုင်သကဲ့သို့ မြန်မာလက်ရွေးစင် အသင်းတွင်လည်း တစ်သင်းထဲကစားဖော် ကျော်ဇေယျနှင့်အတူ ရွေးချယ်ခံထားရသည့် ကစားသမားတစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly