ကနေဒါသို့ ဦးတည်သည့် ပါကစ္စတန်လေကြောင်းလိုင်းမှ လေယာဉ် ရုရှားလေပိုင်နက် အသုံးပြုခွင့် တားမြစ်ခံခဲ့ရ

ကနေဒါသို့ ဦးတည်သည့် ပါကစ္စတန်လေကြောင်းလိုင်းမှ လေယာဉ် ရုရှားလေပိုင်နက် အသုံးပြုခွင့် တားမြစ်ခံခဲ့ရ

ပါကစ္စတန်နိုင်ငံ အစ္စလမ်မာဘတ်မြို့ကနေ ကနေဒါနိုင်ငံ တိုရွန်တိုမြို့သို့ ဦးတည်ပျံသန်းခဲ့သည့် ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်း (PIA) ၏ လေယာဉ်တစ်စင်းသည် ရုရှားလေပိုင်နက်ကို ဖြတ်ကျော်ပျံသန်းခွင့် မရရှိခဲ့သည့်အတွက် လမ်းကြောင်းပြောင်းခဲ့ရကြောင်း 24NewsHD TV ချန်နယ်က ဖော်ပြသည်။

ပေးရန် ကျန်ရှိနေသော အခွန်အခများကို ပေးဆောင်ထားနိုင်ခြင်း မရှိသည့်အတွက် ပါကစ္စတန် နိုင်ငံတကာ လေကြောင်းလိုင်းသည် ရုရှားပိုင်နက်အတွင်း လေယာဉ် ဖြတ်ကျော်ပျံသန်းခွင့် တောင်းခံရာတွင် အဆင်မပြေခဲ့ကြောင်း အဆိုပါ ပါကစ္စတန်ပြည်တွင်းမီဒီယာက ဖော်ပြသည်။

ပြီးခဲ့သည့် ဇွန် ၁၇ ရက်က ဖြစ်ပွားခဲ့သည့် ထိုဖြစ်စဉ်တွင် အစ္စလမ်မာဘတ်မှ တိုရွန်တိုသို့ ဦးတည်သည့် PIA ၏ လေယာဉ်သည် ရုရှားလေပိုင်နက်ပေါ်မှ ဖြတ်ကျော် ပျံသန်းရန် ခွင့်ပြုချက် မရခဲ့ခြင်း ဖြစ်ကြောင်း 24NewsHD TV ချန်နယ်က ဖော်ပြသည်။

ယင်းအတွက်ကြောင့် အစ္စလမ်မာဘတ်မှတိုရွန်တိုသို့ ဦးတည်သည့် PIA လေယာဉ်ကို ပထမဦးစွာ ကရာချိမြို့သို့ ပျံသန်းစေခဲ့ရပြီး ထိုမှတဆင့် ရုရှားလေပိုင်နက်အစား ဥရောပနိုင်ငံများ၏ လေပိုင်နက်များပေါ်မှ ဖြတ်ကျော်ပျံသန်းကာ တိုရွန်တိုသို့ ဦးတည်စေရန် စီစဉ်ခဲ့ရသည်။

ခရီးသည် ၂၅၀ ကျော် လိုက်ပါသွားသည့် PIA ၏ ခရီးစဉ်အမှတ် PK781 သည် အဆိုပါ နေ့၌ပင် ကရာချိမြို့မှ ထွက်ခွာသွားကြောင်း သိရသည်။

ပါကစ္စတန်ဗဟိုဘဏ် (SBP) သည် ရုရှားနိုင်ငံထံ လေယာဉ် ဖြတ်ကျော်ပျံသန်းခများအတွက် ငွေလွှဲပေးရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

“နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် လေယာဉ် ဖြတ်ကျော်ပျံသန်းခတွေအတွက် ပေးချေမှုတွေကို လက်ခံရယူရာမှာ ရုရှားအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပီအိုင်အေအနေနဲ့ အခြားလမ်းကြောင်းတစ်ခုကို မဖြစ်မနေ ပြောင်းလဲခဲ့ရပါတယ်” ဟု PIA ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required