မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အသင်းကို ပြောင်းရွှေ့ကြောင်း ဘေးလ် အတည်ပြု

မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အသင်းကို ပြောင်းရွှေ့ကြောင်း ဘေးလ် အတည်ပြု
Photo: EPA

ဝေးလ်အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်ဟာ စပိန်အသင်းကြီး ရီးယဲလ်မက်ဒရစ်ကနေ ထွက်ခွာသွားပြီးနောက် စနေနေ့မှာ မေဂျာလိဂ်ဘောလုံးကလပ် လော့စ်အိန်ဂျလိစ်အသင်းထံ ပြောင်းရွှေ့ဖို့ အတည်ပြုခဲ့ပါတယ်။

ဘေးလ်ဟာ LAFC (လော့စ်အိန်ဂျလိစ်အသင်း)ကို ပြောင်းရွှေ့ဖို့ အစီအစဉ်ရှိတယ်လို့ စနေနေ့အစောပိုင်းက တွစ်တာပို့စ်မှာ ကျယ်ကျယ်လောင်လောင် သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်  အပြောင်းအရွှေ့ကို အတည်ပြုခဲ့ပါတယ်။

“လော့စ်အိန်ဂျလိစ် မကြာခင် တွေ့မယ်”လို့ အသက် ၃၂ နှစ်အရွယ် ကစားသမားက ရေးသားခဲ့ပါတယ်။ LAFC အင်္ကျီနဲ့ ဦးထုပ် ဝတ်ဆင်ထားတဲ့ ဗီဒီယိုဖိုင်မှာ ဘေးလ်ကို တွေ့ရပါတယ်။

လော့စ်အိန်ဂျလိစ်တိုင်းမ်စ်က ဘေးလ်ဟာ LAFC အသင်းမှာ ဇူလိုင် ၁ ရက်ကနေ စတင်ကစားနိုင်တယ်လို့ အစောပိုင်းမှာ ဆိုပါတယ်။

ဘေးလ်ဟာ လာမယ့် သီတင်းပတ်အကုန်မှာ လော့စ်အိန်ဂျလိစ်ကို ထွက်ခွာမှာဖြစ်ပြီး ရာသီကုန်အထိ စာချုပ်ချုပ်ဆိုမယ်လို့ ESPN က ဖော်ပြခဲ့ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ပါဝင်မှာဖြစ်ပါတယ်။

ဘေးလ်ဟာ တစ်ချိန်က ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားဖြစ်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းမှာ (၈) ရာသီကြာ ကစားခဲ့ပြီး ပြည်တွင်းချန်ပီယံ ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဝေးလ်ကစားသမားဟာ သူ့ရဲ့ကလပ်ကစားသမားဘဝမှာ လိဂ်ဂိုး ၁၃၉ ဂိုးသွင်းထားပြီး ဝေးလ်လက်ရွေးစင်အတွက် ၁၀၆ ပွဲမှာ ၃၉ ဂိုးသွင်းယူထားပါတယ်။။

ဘေးလ်ဟာ အုပ်စုအဆင့် အမေရိကန်၊ အင်္ဂလန်နှင့် အီရန်တို့နဲ့ ရင်ဆိုင်ရမည့် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝေးလ်ကို ဝင်ခွင့်ရအောင် ကူညီပေးရာမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။

ဒါဟာ ၁၉၅၈ ကမ္ဘာ့ဖလားနောက်ပိုင်း ဝေးလ်အသင်းအတွက် ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။

မေဂျာလိဂ်ရာသီကို ပြိုင်ဆိုင်မှုပြင်းထန်ဖို့ လုပ်ဆောင်မှုအနေနဲ့ LAFC က ဘေးလ်ကို ခေါ်ယူကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားအသင်းဟာ ပွဲစဉ် ၁၅ ပွဲမှာ ရမှတ် ၃၀ နဲ့ Western Conference အမှတ်ပေးဇယားရပ်တည်မှုကို ဦးဆောင်နေပါတယ်။

ဘေးလ်ဟာ မကြာသေးခင် ရက်သတ္တပတ်များအတွင်းက ကလပ်ရဲ့ ဒုတိယမြောက် ထိပ်တန်း ခေါ်ယူမှု ဖြစ်လာမှာပါ။ ဂျူဗင်တပ်စ်နှင့် အီတလီလက်ရွေးစင်ဟောင်း ချီလီနီဟာ အခုလအစောပိုင်းက ကလပ်ကို ရောက်ရှိလာခဲ့ပါတယ်။

ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအရွှေ့ကိစ္စအတွက် ကာဒစ်ဖ်နဲ့ ဆွေးနွေးနေတယ်လို့ ဗြိတိန်က သတင်းတွေ ထွက်ပေါ်ပြီး ရက်ပိုင်းအကြာမှာပဲ ဘေးလ်ဟာ မေဂျာလိဂ်ကို သွားရောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly