ယူကရိန်းစစ်နောက်ပိုင်း ပူတင်က ပထမဆုံး နိုင်ငံခြားခရီးစဉ် သွားရောက်မည် 

ယူကရိန်းစစ်နောက်ပိုင်း ပူတင်က ပထမဆုံး နိုင်ငံခြားခရီးစဉ် သွားရောက်မည် 

ဇွန် ၂၇

ရုရှသမ္မတ ဗလာဒီမာ ပူတင်သည် ယခုသီတင်းပတ်အတွင်း၌ အလယ်အာရှရှိ ဆိုဗီယက်ဟောင်း နိုင်ငံငယ် နှစ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ရုရှနိုင်ငံပိုင် ရုပ်သံက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြရာ ယူကရိန်းအား ကျူးကျော်ရန် အမိန့်ပေးခဲ့ချိန်မှစပြီး ရုရှခေါင်းဆောင်အတွက် ပထမဆုံး သိရသည့် နိုင်ငံခြားခရီးစဉ် ဖြစ်မည်ဖြစ်သည်။ 

ဖေဖော်ဝါရီ ၂၄ ရက် ရုရှကျူးကျော်စစ်တွင် လူထောင်ပေါင်းများစွာ သေဆုံးပြီး သန်းပေါင်းများစွာ အိုအိမ်စွန့်ရွှေ့ပြောင်းရကာ အနောက်အုပ်စု၏ ပြင်းထန်သော စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လာရသည်။ ယင်းကြောင့် တရုတ်၊ အိန္ဒိယနှင့် အီရန်တို့ကဲ့သို့သော အခြား အင်အားကြီးနိုငငံများနှင့် ခိုင်မာသော ကုန်သွယ်ရေး ဆက်ဆံမှု ထူထောင်ရန် ဖြစ်စေသည်ဟု ပူတင်က ဆိုသည်။ 

တာဂျီကစ္စတန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံများသို့ ပူတင်က သွားရောက်မည်ဖြစ်ပြီး ယင်းနောက်တွင် မော်စကို၌ အင်ဒိုနီးရှားသမ္မတ ဂျိုးကို ဝီဒိုဒိုနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း Rossiya 1 နိုင်ငံပိုင်ရုပ်သံမှ သတင်းထောက် ပါဗယ် ဇာရူဘင်က ပြောသည်။ 

တာဂျီကစ္စတန်က ရုရှ၏ ရင်းနှီးသော မဟာမိတ်ဖြစ်ပြီး ကာလကြာရှည် အုပ်ချုပ်လာခဲ့သူ သမ္မတ အမ်မိုမာလီ ရက်ခ်မွန်နှင့် ပူတင်က တွေ့ဆုံမည် ဖြစ်သည်။ တာ့ခ်မင်နစ္စတန်တွင် အဇာဘိုင်ဂျန်၊ ကာဇက်စနတန်၊ အီရန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံသို့ ပါဝင်သော ကက်စပီယံနိုင်ငံများ ထိပ်သီးအစည်းအဝေးတစ်ရပ်သို့ ပူတင်က တက်ရောက်မည်ဖြစ်ကြောင်း ဇာရူဘင်က ဆိုသည်။ 

ပူတင်အနေဖြင့် ဘီလာရုစ်သမ္မတ အလက်ဇန္ဒြား လူကာရှန်ကိုနှင့် ဖိုရမ်တစ်ခုသို့ တက်ရောက်ရန် ဇွန် ၃၀ နှင့် ဇူလိုင် ၁ ရက်တို့တွင် ဘီလာရုစ်နိုင်ငံသို့ သွားရောက်ရန်လည်း စီစဉ်ထားကြောင်း ရုရှအထက်လွှတ်တော် ဥက္ကဋ္ဌကို ကိုးကားပြီး RIA သတင်းဌာနက ဖော်ပြသည်။ 

ပူတင်၏ ရုရှအပြင်ဘက်သို့ နောက်ဆုံးထွက်သည့် ခရီးစဉ်မှာ ဖေဖော်ဝါရီအစောပိုင်းက တရုတ်သို့ သွားရောက်ခြင်းဖြစ်ပြီး သမ္မတ ရှီကျင့်ဖျင်နှင့် မိတ်ဖက်ရင်းနှီးမှုကို ထုတ်ဖော်ပြသခဲ့ကာ အိုလံပစ်ဆောင်းရာသီပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နှစ်ဦးအတူ တက်ရောက်ခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required